English News

ပလက်ဝမြို့နယ်သို့ ဆန်သယ်ယူခွင့် ဒေသအာဏာပိုင်များမှ တိုးမြှင့်ခွင့်ပြု

နောင်ခိုင်အောင်
စစ်တွေ၊ ဒီဇင်ဘာ ၂၃

25593924_1772410699437666_8036715140605551091_n

ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ဆန်သယ်ယူခွင့်ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ တင်းကျပ် စွာ ပိတ်ပင်ထားသဖြင့် ဒေသခံ ပြည်သူများ စားဝတ်နေရေး အခက်အခဲ တွေ့လာရာမှ ဒီဇင်ဘာ ၂၂ ရက်နေ့မှ စတင်၍ ဆန်တိုးမြှင့် သယ်ယူခွင့် ပေးလိုက်ပြီဟု သတင်းရရှိသည်။

“ အရင်က စက်လှေတစ်စီး တစ်အိတ်ဘဲ သယ်ယူခွင့်ပြုတယ်။ အခုတော့ ခွင့်ပြုလိုက်ပြီ။ ဆန် ၁ဝ အိတ်ကနေ ၁၅ အိတ်အထိ ယူခွင့်ရပါတယ်။ ကျွန်တော်တို့ ကတော့ မြို့ထဲမှာ မဟုတ်ဘဲ နယ်ဈေးတွေမှာ ရောင်းနေသူ ဖြစ်လို့ ဆန် ၁ဝ အိတ်ဘဲ ယူခွင့်ရပါတယ်။ ဒါပေမယ့် ပလက်ဝ မြို့နယ်မှာ ဆန်ဈေးက လောလောဆယ် မကျသေးဘူး။ တက်နေတုန်းပါပဲ” ဟု ဆန်အရောင်း အဝယ် လုပ်နေသူ ဦးမောင်စောလှက ပြောသည်။

နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းသို့ ဒီဇင်ဘာလဆန်းပိုင်းကနေ ဆန်တင်ဆောင်မှုကို အကန့်အသတ်မရှိ ရပ်ဆိုင်းထားခဲ့သည်။

ရခိုင်ပြည်နယ်မှ ပလက်ဝမြို့သို့ ဆန်အိတ်များကို သယ်ဆောင်မည်ဆိုပါက ရပ်ကွက် အုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးတို့ ခွင့်ပြုချက် လက်မှတ် တောင်းခံပြီး သယ်ယူခွင့် ရရှိနေပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ အစကတော့ တိုက်ပွဲဖြစ်နေတဲ့အတွက်ကြောင့် ရခိုင့်တပ်မတော် (AA)ကို ဖြတ်လေးဖြတ်လုပ်တဲ့ ပုံစံမျိုးပဲ။ ဒါပေမယ် ဒေသခံ လက်လုပ်လက်စားပြည်သူတွေပဲ ဒုက္ခရောက်လာကြတယ်။ ဒီက လူတွေစုပြီးတော့ သက်ဆိုင်ရာတွေကို အကျိုးကြောင်းပြောပြလို့ အခုတော့ ဆန် ၁ဝ အိတ် ကတော့ သယ်ယူခွင့်ရပါပြီ” ဟု ပလက်ဝမြို့ခံတစ်ဦးဖြစ်သူ ဦးတင်ထွန်းအောင်ကလည်း နိရဉ္စရာသို့ ပြောကြားသည်။

ပလက်ဝမြို့အထက်ပိုင်း ကုလားတန်မြစ်ဖျားဒေသတွင် နေထိုင်လျက်ရှိကြသည့် ကျေးရွာသားများ အနေဖြင့် တစ်ရွာလုံးအတွက် ဆန်များကို ခွင့်ပြုချက်ယူပြီး သယ်ယူနေကြသည်ဟုလည်း ကျေးရွာသားများက ပြောသည်။

“ ကျွန်တော်တို့ကျေးရွာအုပ်စုကတော့ စစ်တပ်ကခွင့်ပြုချက်လက်မှတ်နဲ့ သယ်ဆောင်ခွင့်ရပါတယ်။ လူဦးရေအလိုက်ပါ။ လူတစ်ယောက်ကို တစ်လစာအဖြစ် ဆန်အိတ် တစ်ဝက်စီ သယ်ယူခွင့် ရပါတယ်။ အုပ်စုက လူတွေစုပေါင်းပြီး ဆန်တင်ဖို့သွားနေကြပါပြီ။ ဆန်အိတ် (၂ဝဝ)ကျော်လောက် ဖြစ်မယ် ထင်ပါတယ်။ တစ်လ တစ်ခေါက်လောက်တော့ ဆင်း သယ်ယူရပါတယ်” ဟု ပလက်ဝမြို့နယ် အထက်သဲမဝအုပ်စု ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်သာစိန်က ပြောသည်။

ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာလ တစ်ရက်နေ့မှ စ၍ မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်မတော်(AA) တို့ အကြား ပြင်းထန်သည့်တိုက်ပွဲများဖြစ်နေသည့်အတွက် အဆိုပါဒေသအား အထူး စစ်ဆေးရေး လှုပ်ရှားနယ်မြေအဖြစ် သတ်မှတ်ထားခြင်းကြောင့် စစ်တပ်မှ ဆန်သယ်ယူခွင့်ကို ပိတ်ပင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ် မေးမြန်းရာ အုပ်ချုပ်ရေးမှူးမှာ ခွင့်ယူထားသည်ဟု ဆိုကာ တစ်စုံတစ်ရာ ဖြေကြားခြင်း မပြုလုပ်ခဲ့ပါ။

(ပလက်ဝဆိပ်ကမ်းကို တွေ့မြင်ရစဉ်/ သတင်းဓာတ်ပုံ-နောင်ခိုင်အောင်)