Advertising
English News

ပါရမီရှင်ပန်းချီဆရာမ အေးသန်းဦး၏ပန်းချီကားများ ဆရာတော် ဦးဥတ္တမနေ့တွင်ပြသ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ စက်တင်ဘာ ၉

41368513_2090437724301627_6982274366843125760_n

မွေးရာပါ စကားမပြောတတ်သည့် ထူးခြားဆန်းကြယ် ပါရီရှင် ပန်းချီဆရာမ အေးသန်းဦး၏ ပန်းချီကားများကို စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်မည့် ၇၉ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် ပန်းချီပြပွဲတွင် ပြသထားသည်ဟု သိရသည်။

ယင်းပန်းချီပြပွဲကို စက်တင်ဘာလ ၈ ရက်မှ ၉ ရက်ထိ ပြသထားမည်ဖြစ်ပြီး ပန်းချီဆရာမ အေးသန်းဦး ရေးဆွဲထားသော ပန်းချီကား ၁၆ ကားပါဝင်ကာ ထိုအထဲတွင် ပန်းချီကားသစ် ၉ ကားပါဝင်သည်ဟု သိရသည်။

“သူမရဲ့ ပန်းချီကားတွေကို အဓိက ပြသရတဲ့ ရည်ရွယ်ချက်ကတော့ ဆရာတော် ဦးဥတ္တမနေ့ကို ပြည်သူတွေ စိတ်ဝင်စားဖို့နဲ့ ပန်းချီပညာကို လိုက်စားတဲ့ ကျောင်းသူကျောင်းသားတွေအနေနဲ့ ပန်းချီဆွဲချင်စိတ်တွေ ပေါ်ပေါက်လာအောင် ဖြစ်ပါတယ်”ဟု ပန်းချီဆရာမ အေးသန်းဦးအတွက် အကျိုးဆောင် လုပ်ပေးနေသည့် ပန်းချီဆရာ ဦးကျော်ဇံမောင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

41210597_2090438264301573_6626544692689371136_n

ယခုအသစ်ရေးဆွဲထားသော ပန်းချီကားများတွင် ရခိုင်ဘုရင်က ဗုဒ္ဓမြတ်စွာဘုရားကို တရားထိုင်၍ မနောဖြင့်ပင့်နေပုံ၊ ခရုသင်းမှုတ်၍ ပင့်ပုံတို့လည်း ပါဝင်သည်ဟု သိရသည်။

“ကျနော်က သူမအတွက် အကျိုးဆောင်လုပ်ပေးနေတော့ လူတစ်ချို့က ကျနော်က ပြပေးတဲ့ အတွက် သူမဆွဲတတ်တယ်လို့ အထင်ရှိကြတယ်။ တကယ်တော့ သူမမှာ ဆရာမရှိပါဘူး၊ မွေးရာပါ တတ်ကျွမ်းတဲ့ ထူးခြား ဆန်းကြယ်တဲ့ ပန်းချီဆရာမလေးပါ။ သူမကို စောင့်ရှောက်ထားတဲ့ အဘိုးရှင် သုံးဦးက အိပ်မက်ထဲမှာ ပြောပြတဲ့ဟာကို ဆွဲတယ်၊ တရားထိုင်ပြီး သူမစိတ်အာရုံမှာ မြင်ယောင်လာတဲ့အတိုင်းဆွဲတာပါ”ဟု ဆရာ ဦးကျော်ဇံမောင်က ပြောသည်။

ပန်းချီဆရာမ အေးသန်းဦး ရေးဆွဲသည့် ပန်းချီကား အများစုမှာ ရှေးခေတ် ရခိုင် မင်းနေပြည်တော်က ရခိုင်ဘုရင်၊ မင်းညီမင်းသား၊ စစ်သူကြီး၊ မိဖုရားနှင့် နန်းတွင်းသူများ၏ ပုံရိပ်ကို ထင်ဟင်အောင် ရေးဆွဲထားသည့် ပန်းချီကားများဖြစ်သည်ဟု သိရသည်။

“သူမ လက်ရာက အနုစိပ်တယ်၊ အသေးစိပ်တယ်၊ အခုခေတ် ပန်းချီဆရာတွေ ရေးဆွဲလို့ မရနိုင်လောက်အောင် လက်ရာမြောက်တယ်”ဟု ဦးကျော်ဇံမောင်က ပြောသည်။

ပါရမီရှင် ထူးခြားဆန်းကြယ် ပန်းချီဆရာမ အေးသန်းဦးကို ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက ပံ့ပိုး ကူညီမှု အားနည်းနေသေးသည်ဟု သိရသည်။

41290367_2090438030968263_4855617552132341760_n

“သူမအတွက် ရခိုင်ပြည်က ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ပံ့ပိုးမှု နည်းနေသေးတယ်။ ရတနာထွန်း စက်မှုလက်မှု လုပ်ငန်းပိုင်ရှင် ဦးသန်းအေးတစ်ယောက်ကပဲ သူမရဲ့ ပန်းချီကား တွေကို အဓိက ၀ယ်ယူအားပေးတဲ့အပြင် လိုအပ်တဲ့ အကူအညီတွေကို ပေးထားပါတယ်”ဟု ဆရာ ဦးကျော်ဇံမောင်က ပြောသည်။

ယခု အသစ်ဆရးဆွဲထားသော ပန်းချီကားများထဲမှ ၂ ကားကို ဦးသန်းအေးက ၀ယ်ယူရန် သဘောတူညီထားပြီး၊ နောက်ထပ် စေတနာရှင် ၅ ဦးကလည်း ပန်းချီကားများ ၀ယ်ယူရန် သဘောတူညီထားသည်ဟု သိရသည်။

ထူးခြားဆန်းကြယ် မွေးရာပါတတ်ကျွမ်းသည့် ပန်းချီဆရာမ အေးသန်းဦး အကြောင်းကို Myanmar Now face book စက်မျက်နှာတွင် ဖော်ပြခဲ့ပြီးနောက် သူမအကြောင်းကို မြန်မာနိုင်ငံအနှံ့အပြားမှ သိရှိသွားကြပြီး သူမ၏ ပန်းချီကားများကို ၀ယ်ယူရန် အခြားတိုင်းရင်းသားများကလည်း ဖုန်းဖြင့် ဆက်သွယ်လာကြသည်ဟု သိရသည်။

“သူမရဲ့ ပန်းချီကားတွေကို ရခိုင်ယဉ်ကျေးမှုဌာနက ၀ယ်ယူအားပေးပြီး ထိန်းသိမ်းထားဖို့ ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာ အကြံပေးမှုတွေလည်း ရှိနေပါတယ်”ဟု ဆရာ ဦးကျော်ဇံမောင်က ပြောသည်။

ထူးခြားဆန်းကြယ် ပါရမီရှင် ပန်းချီဆရာမ အေးသန်းဦး၏ ပန်းချီကားများကို ပြသလာခဲ့ရာ ယခု အကြိမ်သည် စတုတ္ထအကြိမ်ဖြစ်ပြီး သူမ၏ ပန်းချီကားများအပေါ် ယခင်ကထက် စိတ်ဝင်စားမှု ပိုရှိလာသည်ဟု သိရှိရသည်။