English News

ပုဏ္ဏားကျွန်းမြို့နယ်တွင် ကြက်နှင့် ဘဲ အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ပွားနေ

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဖေဖော်ဝါရီ ၇

27540978_1820269454651790_4702940736854949857_n

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာတချို့တွင် အိမ်မွေးကြက်နှင့် ဘဲများ အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောသည်။

“ကျနော့်မှာ ကြက် ၁၅ ကောင်လောက် သေသွားပြီ။ ရှေ့ဆင့်နောက်ဆင့်သေကြတာ။ တစ်ကောင်မှ မရလိုက်ဘူး။”ဟု ပုဏ္ဏားကျွန်းမြို့နယ် တောင်ရင်းကျေးရွာမှ အိမ်မွေးကြက်မွေးမြူသူ ကိုဘုမောင်က နိရဉ္စရာသို့ပြောသည်။

ကြက်နှင့်ဘဲများသေဆုံးနေမှုမှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ တောင်ရင်းကျေးရွာအပါအဝင် ဆင်အင်းကြီး၊ ဒီပါရုံ၊ မြောင်ကြီးနှင့် ငှက်ကြီးကျွန်းစသည့်ကျေးရွာများတွင် ပြီးခဲ့သည့် အပတ်မှစတင်ကာ ယခုအချိန်ထိ ဖြစ်ပွားနေခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ ၄ ရက်လောက်ကနေ ကြက်က အစာနည်းနည်းပဲစားတယ်။ ပြီးတော့ ပါးစပ်က အရည်တွေ ထွက်ပြီး သေသွားပါတယ်။ တခြားကောင်တွေကို ကူးစက်မှာစိုးလို့ မြေကို တစ်ပေလောက် တူးပြီး မြှုပ်ပစ်လိုက်ရတယ်။”ဟု တောင်ရင်းကျေးရွာမှ ကြက်မွေးမြူသူ ကိုညီညီစိုးက နိရဉ္စရာသို့ ပြောသည်။

ယခုကဲ့သို့သေဆုံးမှုမြင့်တက်လာနေသည့်အတွက် နေအိမ်တွင် မမွေးဝံ့တော့ဘဲ လယ်ကွင်းများတွင် လွှတ်ကျောင်းစနစ်ဖြင့် မွေးမြူနေကြရသည်ဟုလည်း ဒေသခံများက ပြောသည်။

“ကျနော်တို့ရွာမှာလည်း ကြက်တွေ သေပါတယ်။ ဘဲတွေတောင် သေနေတယ်။ ရောဂါဖြစ်ပြီးတော့ သေတာပါ။ ကာကွယ်ဆေးထိုးဖို့ပြောပေမယ့်လည်း ကြက်ဘဲမွေးသူတွေက အလေးမထားကြဘူး။ ဘယ်သူမှ မထိုးကြဘူး”ဟု ငှက်ကြီးကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှက နိရဉ္စရာသို့ပြောသည်။

အဆိုပါကြက်နှင့် ဘဲများကို တပိုင်တနိုင်မွေးမြူနေကြခြင်းဖြစ်ပြီး ယခုကဲ့သို့ သေဆုံးမှုမြင့်တက် လာနေသည့်အတွက် ဒေသခံများအနေဖြင့် စီးပွားရေး ဆုံးရှုံးမှု အခက်အခဲနှင့် ကြုံနေရသည်ဟုလည်း ဆိုကြသည်။

(ဓာတ်ပုံ – သေဆုံးသွားသည့်ကြက်တစ်ကောင်အားတွေ့ရစဉ်။)