English News

ပုဏ္ဏားကျွန်း ဦးရာဇ်မင်္ဂလာကြိုးတံတားပျက်စီးသွားရာမှ ကူးတို့လှေကို အသုံးပြုသွားလာနေရ

စံမောင်သန်း (စစ်တွေ)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၃

27459607_1816241721721230_2886795785697747069_n

ရခိုင်ပြည်နယ်မှ သမိုင်းဝင် စေတီတော် တစ်ဆူဖြစ်သည့် ဦးရာဇ်တောင်စေတီသို့ သွားရာ ချောင်းကူး ကြိုးတံတား ပျက်စီးနေသည်မှာ ၁၅ ရက်ခန့်ကြာမြင့်နေပြီ ဖြစ်သော်လည်း ပြန်လည် ပြုပြင်နိုင်ခြင်းမရှိသေးသဖြင့် ဒေသခံပြည်သူများအနေဖြင့် ကူးတို့စက်လှေငယ်များကို အသုံးပြု သွားလာနေရကြောင်း သတင်းရရှိသည်။

ပုဏ္ဏားမြို့မှ ချောင်းတစ်ဘက်ကမ်းရှိ ဖြတ်ထိုးထားသော ဦးရာဇ်မင်္ဂလာ ကြိုးတံတားသည် ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် ပျက်စီးသွားသဖြင့် ဘုရားဖူးများနှင့် ဒေသခံများသည် ချောင်းကို ဖြတ်ကူးရာတွင် လှေများကို အသုံးပြုပြီး ခက်ခကခဲခဲ သွားလာနေကြရသည်ဟု သိရသည်။

“ဒီကြိုးတံတားကို ဆန်တင်ဘုတ်တစ်စီး တိုက်မိပြီးတော့ ဇန်န၀ါရီလ ၁၆ ရက်နေ့ကနေ ပျက်စီးသွားတာပါ။ ဘုရားဖူးတွေ၊ ကျောင်းသားကျောင်းသူတွေနဲ့ ဒေသခံတွေ ဒီချောင်းကို ဖြတ်ကူးနေတာ တစ်ရက်ကို လူတစ်ထောင်လောက်ရှိပါတယ်” ဟု ဦးရာဇ်တောင် ဂေါပကအဖွဲ့မှ ဆိပ်ကမ်းတွင် တာဝန်ယူနေသူတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ် နတ်ဆိပ်၊ တန်းစွယ်၊ မင်းဂံနှင့် ရေပေါက်ချောင်း ကျေးရွာများမှ ပုဏ္ဏားကျွန်းမြို့တွင် စာသင်နေသည့် ကျောင်းသား ၁၀၀ ကျော်သည် ယခုအခါ စက်လှေကို အသုံးပြုပြီး ဖြတ်သန်းသွားလာနေကြရသည်ဟု ဆိုသည်။

စက်လှေဖြင့် ချောင်းကို ဖြတ်ကူးခကို လူတစ်ဦးထံမှ အသွားအပြန် ၂၀၀ ကျပ် ကောက်ခံနေပြီး ချောင်းဖြတ်ကူးစဉ် အန္တရာယ် တစ်စုံတစ်ရာ မရှိစေရန် ချောင်းနှစ်ဘက်တွင် ဂေါပက အဖွဲ့ဝင်များက စောင့်ကြပ်ပေးနေရပြီး ချောင်းဖြတ်ကူးခြင်းကို နံနက် ၆ နာရီမှ ညနေ ၆ နာရီထိ ပြုလုပ်ပေးလျက်ရှိသည်ဟု သိရသည်။

ပျက်စီးသွားသော တံတားကို ပြုပြင်မွန်းမံနိုင်ရန်အတွက် ပြည်နယ်အစိုးရမှ ကျပ်သိန်း ၄၅၀ ချပေးထားသည်ဟု ကြားသိနေရကြောင်း၊ ယခုတံတားကို တည်ဆောက်ရန် သံဘောင်များ ရောက်ရှိနေသည်ကို မြင်တွေ့ရကြောင်း ဦးရာဇ်တောင်ဘုရားဂေါပ အဖွဲ့အတွင်းရေးမှူး ဦးကျော်ဇောသိန်းက ပြောကြားသည်။

ဦးရာဇ်တောင်စေတီတော်မှာ သမိုင်းဝင် စေတီတစ်ဆူဖြစ်ပြီး ရပ်နှီးရပ်ဝေးမှ ဘုရားဖူးများ တစ်နေ့လျှင် ရာချီရှိနေပြီး တစ်ချို့ ချောင်းကို စက်လှေဖြင့် ဖြတ်ကူး မရဲသဖြင့် လှည့်ပြန်သွားကြသူများ ရှိနေသဖြင့် တံတားကို အမြန်ပြုပြင်သင့်သည်ဟု ဒေသခံများက ပြောသည်။

27337129_1816241801721222_8306223504190553406_n

ဦးရာဇ်တောင် စေတီသို့ ဘုရားဖူးများ လွယ်လွင့်တကူ သွားလာနိုင်ရန် ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးရန် တင်ပြထားသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ပြည်နယ်အစိုးရမှ ယနေ့အချိန်ထိ ခွင့်ပြုပေးခြင်းမရှိဟု သိရသည်။

“ဒီဦးရာဇ်တောင်နဲ့ ပုဏ္ဏားကျွန်းအကြားချောင်းကို ဖြတ်တဲ့ ကွန်ကရစ် တံတားတစ်စင်း ထိုးပေးဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဟောင်း ဦးလှမောင်တင် လက်ထက်ကတည်းက တင်ပြခဲ့ပေမယ့် ဒီနေ့အချိန်အထိ မချပေးသေးပါဘူး။ ဦးရာဇ်တောင်စေတီဟာ သမိုင်းဝင် စေတီတစ်ဆူ ဖြစ်ပြီးတော့ ရပ်နီးရပ်ဝေးက ဘုရားဖူးတွေ တစ်နေ့တစ်နေ့ကို ရာချီရှိနေပါတယ်”ဟု ဦးကျော်ဇောသိန်းက ပြောသည်။

ဦးရာဇ်တောင် (ဦးခွံတော်ဓါတ်) စေတီကို ရခိုင်ဘုရင့်နိုင်ငံတော် ဓည၀တီပြည့်ရှင် သူရိယစက္ကမင်းကြီးနှင့် မိဖုရား ရုစိတာတို့က သာသနာသက္ကရာဇ် ၂၂၂ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပြီး ရခိုင်ဘုရင် မင်းဖလောင်းသည် အေဒီ ၁၅၉၁ ခုနှစ်တွင် ကျောက်သားအတိဖြင့် အမြင့် ၁၅၃ ပေ၊ လုံးပတ်တော် ၄၀၀ အထိ ရှိအောင် ပြုပြင် မွန်းမံ တည်ဆောက်ခဲ့သည်ဟု သိရသည်။