English News

ပုဏ္ဍားကျွန်းမြို့တွင် ဘူးသီးတောင်မြို့နယ်မှ ဒုက္ခသည် ၂၀၀ ခန့် ရောက်ရှိခိုလုံ အလှူထည့်ဝင်ငွေ တစ်နေ့တည်းဖြင့် သိန်းခြောက်ဆယ်ကျော်ရရှိ

နိရဉ္စရာ၊ သြဂုတ် ၃၀

21150280_1631049106907160_2168268473526680597_n

ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့သို့ ဘူးသီးတောင်မြို့နယ်မှ လူပေါင်း ၂၀၀ နီးပါး ထွက်ပြေးခိုလုံ ရောက်ရှိနေကြောင်း ပုဏ္ဍားကျွန်းမှ လူမှုရေး ဆောင်ရွက်နေသူ ဦးမောင်လှအောင်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

သြဂုတ်လ ၂၇ ရက်နေ့ ည ၉ နာရီခန့်က ဘူးသီးတောင်မြို့နယ် တောင်မော် (စေတီပြင်)မှ ၁၅၇ ဦး၊ သြဂုတ် ၂၈ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် သိန်တောင်ကျေးရွာမှ ၂၇ ဦး၊ စုစုပေါင်း ၁၈၄ ဦးခိုလုံ ရောက်ရှိနေကြောင်း သူက ပြောကြားသည်။

“ ခိုလုံရန် ရောက်ရှိနေကြသည့် ရခိုင်တိုင်းရင်းသားများအား လောကမာရဇိန်ဘုရားတွင် နေရာချထားပေးထားပါတယ်။ အခု ရောက်ရှိလာတဲ့ ခိုကိုးရာမဲ့ ဖြစ်နေကြတဲ့သူတွေကို ရဟန်းသံဃာတွေက ဦးဆောင်ပြီး ပုဏ္ဍားကျွန်းမြို့ပေါ် ရပ်ကွက်တွေနဲ့ ပုဏ္ဍားကျွန်းမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့က ကူညီကျွေးမွေး စောင့်ရှောက်ထားပါတယ်” ဟု ဦးမောင်လှအောင်က ပြောကြားသည်။

21106683_1631049153573822_8116155755538750508_n

ပုဏ္ဍားကျွန်းမြို့တွင် ရောက်ရှိလာကြသည့် ဒုက္ခသည်များ အပါအ၀င် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် မယူကမ်း ဒေသအတွင်းမှ ရခိုင်တိုင်းရင်းသားများကို ကူညီရန် ပုဏ္ဍားကျွန်းမြို့တွင် အလှူငွေကောက်ခံရာ တစ်နေ့တည်းဖြင့် ကျပ်ငွေ ၆၀၈၃၆၅၀ ရရှိခဲ့သည်ဟု သူက ပြောကြားသည်။

၎င်းအလှူငွေများကို သြဂုတ် ၃၁ ရက်နေ့ထိ ကောက်ခံသွားမည်ဟု သိရသည်။

(ပုဏ္ဍားကျွန်းသို့ ထွက်ပြေးရောက်ရှိလာကြသူများ)