Advertising
English News

ပုဏ္ဍားကျွန်းမြို့နယ်ယာချောင်းတွင် ကလေးငယ်တစ်ဦး ကားတိုက်သေဆုံး

နိရဉ္စရာ၊ မတ် ၅

28685759_1848054631873272_4994036609473722220_n

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ယာချောင်းကျေးရွာ ရန်ကုန်-စစ်တွေ လမ်းမကြီးပေါ်တွင် အသက် ၇ နှစ်အရွယ် ကလေး တစ်ဦး မတ်လ ၄ ရက် နေ့လယ် တစ်နာရီကျော်က ကားတိုက်သေဆုံးသွားခဲ့သည်။

သေဆုံးသူမှာ ယာချောင်းကျေးရွာနေ ဦးတင်ဝင်း၊ ဒေါ်ခင်မေသန်းတို့၏ သား မောင်ဝင်းဝင်းဇော် ဖြစ်ကြောင်း ပုဏ္ဍားကျွန်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ် ဟိန်းထက်အောင်က နိရဉ္စရာသို့ ပြောသည်။

“ အခုတော့ ကားသမားကို ဖမ်းပြီး ပုဏ္ဍားကျွန်းရဲစခန်းကို ပို့လိုက်ပါပြီ။ ကားသမားဘက်ကလည်း မှားတာပါသလို ကလေးဘက်ကကလည်း မှားတာပါတာပေါ့။ ဒါကြောင့် ခုလို ဖြစ်တာသွားပါ” ဟု ဒုရဲအုပ် ဟိန်းထက်အောင်က ပြောသည်။

ဖခင်ဖြစ်သူ ဦးတင်ဝင်းက သူအနေဖြင့် ဥပဒေကြောင်းအရ ဖြေရှင်းသွားမည် ဖြစ်ကြောင်း၊ ကလေးငယ်မှာ ယာတိုက်မူလတန်းကျောင်းတွင် သူငယ်တန်းကို တက်ရောက် သင်ကြားနေကြောင်း၊ သူ့တွင်သားသမီး ၆ ဦးရှိကြောင်း၊ ယခုလို သားတစ်ဦး သေဆုံးသွားသဖြင့် အလွန်ဝမ်းနည်းကြောင်း ပြောကြားသည်။

မျက်မြင် ဒေသခံအမျိုးသမီးတစ်ဦးအား မေးကြည့်ရာ “ ကားတွေက အရမ်းမောင်းကြပါတယ်။ ရွာထဲကို ဖြတ်မောင်းတဲ့အခါလည်း အရှိန်မလျော့ဘဲ ဖြတ်မောင်းတယ်။ ကားသမားတွေ မဆင်မခြင် မောင်းတဲ့ အတွက် ခုလို ဖြစ်တာပါ” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ- ရန်ကုန်ကားလမ်း တစ်လျှောက်ရှိ ကျေးရွာများကို ကားကြီး၊ ကားငယ်များ ဖြတ်သန်း မောင်းနှင်ရာတွင် မိုင်နှုန်းမည်မျှဖြင့် မောင်းနှင်ရမည်ဟု သတ်မှတ်ထားသည့် သတိပေး ဆိုင်းဘုတ်များကို စိုက်ထူထားခြင်း မရှိရာမှ ယခုလို ကားတိုက်မှုများ မကြာခဏဆိုသလို ဖြစ်ပွားနေသည်ဟု သတင်းရရှိသည်။

(သေဆုံးသူ ကလေးငယ်နှင့် တိုက်သည့်ကား)