Advertising
English News

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်မျိုးနွယ်စုဝင် ၂၆၆ ဦး မောင်တောမြို့နယ်သို့ ခိုလှုံရန် ရောက်ရှိလာ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ မတ် ၁၂

29101190_1856112624400806_8786438464007569408_n

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင်မှ ရခိုင် မျိုးနွယ်စုဝင် ၂၆၆ ဦးသည် မောင်တောမြို့နယ်သို့ ထွက်ပြေး ခိုလှုံရောက်ရှိလာသည်ဟု သတင်းရရှိသည်။

မတ်လ ၅ ရက်နေ့တွင် ဘင်ဒရာဘင်ခရိုင်၊ တန်းဆိပ်မြို့နယ် မော်ဒုတ်ကြီးကျေးရွာမှ ရခိုင်မိသားစု ၁၅ စု လူဦးရေ ၄၈ ဦးသည် မောင်တောမြို့နယ် အောင်သပြေကျေးရွာသို့လည်းကောင်း၊ မတ်လ ၉ ရက်နေ့တွင် ဘင်ဒရိုဘင် ခရိုင်၊ လမား/ အလယ်ခေါင်တောင် ဒေသ ဘိုရိုဘေတီကျေးရွာမှ မြိုတိုင်းရင်းသား မိသားစု ၁၁ စု၊ လူဦးရေ ၆၃ သည် မောင်တောမြို့နယ် သုပဏ္ဏက မြိုရွာသို့ လည်းကောင်း၊ ဘင်ဒရိုဘင်ခရိုင် တန်းဆိပ်မြို့နယ်နှင့် လမားမြို့နယ် မှ အိမ်ထောင်စု ၃၀ စု လူဦးရေ ၁၅၅ ဦးသည် မောင်တောမြို့နယ် သစ်တုံးနား ခွဆုံကျေးရွာသို့ လည်းကောင်း ခိုလှုံ ရောက်ရှိလာကြောင်း ဒေသအတွင်းက လူမှုရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ကိုကျော်ဝင်းက ပြောကြားသည်။

အောင်သပြေကျေးရွာသို့ ရောက်ရှိလာသူများသည် အောင်သပြေကျေးရွာ စာသင်ကျောင်းတွင် ယာယီနေထိုင်လျက်ရှိပြီး၊ သုပဏ္ဏကကျေးရွာနှင့် သစ်တုံးနားခွဆုံကျေးရွာသို့ ရောက်ရှိ လာသူများသည် ဖြစ်သလို ယာယီ တဲထိုးနေထိုင်နေကြသည်ဟု သိရသည်။

“အောင်သပြေကျေးရွာ စာသင်ကျောင်းမှာ ခိုလှုံနေသူတွေကို လွှတ်တော်အမတ်တွေနဲ့ နယ်ခြားစောင့် တပ်ဖွဲ့တွေက ကူညီပေးထားတဲ့အတွက် လောလောဆယ် စားဝတ်နေရေး အဆင်ပြေတယ်လို့ သိရပါတယ်။ သစ်တုံးနားခွဆုံမှာ ခိုလှုံနေသူတွေကိုတော့ ဌာနဆိုင်ရာတွေက ထောက်ပံ့မှုအတွက် ဒီနေ့ စာရင်းဇယား ကောက်ယူမှုတွေကို တွေ့ရပါတယ်” ဟု သူတို့အတွက် အကူအညီရရှိအောင် ဆောင်ရွက်ပေးနေသူ လောင်ဒုံကျေးရွာမှ ကိုကျော်ဝင်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

29063155_1856112837734118_1684447420001288192_n

သုပဏ္ဏကကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းအား နိရဉ္စရာသတင်းဌာမှ ဆက်သွယ် မေးမြန်းရာ သူတို့ရွာသို့ ရောက်ရှိနေသူများမှာ မြိုတိုင်းရင်းသားမိသားစု ၁၁ စု၊ အမျိုးသမီး ၃၇ ဦး- အမျိုးသား ၂၆ ဦး – စုစုပေါင်း လူဦးရေ ၆၃ ဦး ဖြစ်ကြောင်း၊ သူတို့အား ခမောင်းဆိပ်ရှိ ဗျူဟာမှူးမှ ဆန်တစ်အိတ်၊ ပဲ ၂ အိတ်နှင့် အ၀တ်အစား များအား ကူညီထားကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်မှလည်း မတ်လ ၈ ရက်နေ့က ဆန်အိတ် ၄၀၊ အမယ်စုံ အထုပ် ၂၀၊ ဆီတစ်ဖါခွဲ (၁၅ ဗူး)၊ ဆပ်ပြာ ၃ ဖာကို ကူညီထားကြောင်း ပြောကြားသည်။

“ သူတို့ထွက်ပြေးလာတဲ့ အကြောင်းအရင်းက သူတို့က အဓိက တောင်ယာစိုက်ပျိုးကြပါတယ်။ အခုက ယာခုတ်ချိန်ဆိုတော့ ဘင်္ဂလီတွေက လာရောက်ပြီး ယာတွေကို မီးရှို့တာတို့ လုပ်တယ်လို့ ပြောပါတယ်။ ၀ါးခုတ်ရောင်းရင်လည်း ဈေးမပေးဘူး၊ ဈေးနှိမ်တယ်။ အဲသလို ဖြစ်လာတော့ လုပ်ကိုင်စားသောက်လို့ မရတဲ့ အတွက် ထွက်ပြေးလာကြတာလို့ ပြောပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ အကုန်လုံးအခက်အခဲ ဖြစ်လာတဲ့ အတွက် ထွက်ပြေးလာကြတာလို့ ပြောပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ပြောဆိုသည်။

၎င်းပြင် ထွက်ပြေးလာသူများ၏ စားဝတ်နေရေးကို ယာယီ ဖြေရှင်းနိုင်ရန် အနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်ထူထောင်ရေး အထောက်အကူပြုကော်မတီ CRR မှ ၅၀ ကီလိုဂရမ်ရှိ ဆန်အိတ် ၂၀ အိတ်ကို မတ်လ ၁၁ ရက်နေ့က ကူညီခဲ့သည်ဟု သိရသည်။

“သစ်တုံးနားခွဆုံမှာ ခိုလှုံနေတဲ့ မိသားစု ၃၀ စုအတွက် ဆန်အိတ် ၁၅ အိတ်နဲ့ သုပဏ္ဏက ကျေးရွာမှာ ခိုလှုံနေတဲ့ အိမ်ထောင်စု ၁၁ စုအတွက် ၅ အိတ်ကို ကျွန်တော်ကိုယ်တိုင် မနေ့က သွားရောက် လှူဒါန်းခဲ့ပါတယ်”ဟု ကိုကျော်ဝင်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ထွက်ပြေးခိုလှုံလာသူများတွင် အ၀တ်အထည်များ အလုံအလောက် မပါသည့် အပြင် အိုး၊ ခွက်၊ ပန်းကန်များလည်း မပါလာကြသဖြင့် သူတို့၏ လိုအပ်ချက်များကို ကူညီနိုင်ရန် CRR နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး မကြာမီရက်ပိုင်းအတွင်း အကူအညီ ပေးနိုင်ရန် စီစဉ်လျက်ရှိသည်ဟု သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသသည် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်သည့် ဒေသတစ်ခု ဖြစ်ပြီး ဒေသခံတိုင်းရင်းသားများသည် မူဆလင် ဘင်္ဂါလီများ၏ အနိုင်ကျင့်ခြင်းကို ခံရခြင်း၊ လုပ်ကိုင် စားသောက် အဆင်မပြေခြင်းနှင့် အာဏာပိုင်များက ကူညီစောင့်ရှောက်မှုမရှိ၍ ရပ်တည်ရေး အတွက် အခက်အခဲရှိလာသဖြင့် မြန်မာနိုင်သို့ ထွက်ပြေးခိုလှုံလာရခြင်းဖြစ်ကြောင်း သိရသည်။

နောက်ထပ်လည်း မြန်မာနိုင်ငံသို့ အများအပြား ထွက်ပြေးခိုလှုံရန် အခြေအနေရှိနေကြောင်း ၎င်းတို့မှ ပြောကြားသည်။

(ဓာတ်ပုံ- CRR မှ ဆန်အိတ်များ ကူညီနေသည်ကို တွေ့ရစဉ်)