Advertising
English News

ဘင်္ဂါလီများအား NVC ကဒ်ထုတ်ပေးလျှင် ရခိုင့်လုံခြုံရေးထိခိုက်နိုင်သည်ဟုဆိုကာ စစ်တွေမြို့ခံ ၆ဝ ခန့် ဆန္ဒပြ

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ မေ ၁၃

32349495_1922545897757478_6328703231996198912_n

အစိုးရက ရခိုင်ပြည်နယ်တွင်းရှိဘင်္ဂါလီများအား NVC ကဒ်ထုတ်ပေးလျှင် ရခိုင့်လုံခြုံရေးကို ထိခိုက်နိုင်ဟုဆိုကာ စစ်တွေမြို့ခံ ၆ဝ ခန့် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲကို စစ်တွေရှိ ရခိုင့်အလင်းတံခါးအဖွဲ့က ဦးဆောင်ကာ မေလ ၁၃ ရက်နေ့၊ နေ့လယ် ၁ နာရီက ဝင်္ကပါကွင်းမှစတင်ကာ လမ်းမကြီးအတိုင်း လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“ဒီအစိုးရကနေပြီးတော့ ၁၉၈၂ ခုနှစ်ဥပဒေကို တိတိကျကျစစ်ဆေးပြီးမှ ဒီ NVC ကဒ်ကိုလည်း ထုတ်ပေးသင့်တယ်။ အဒေါ်တို့က ရခိုင်သားဖြစ်လို့ ကိုယ့်ရခိုင်ပြည်မှာ ဒီလူတွေ သောင်းကျန်း နေတာကို မခံနိုင်လို့ ဒီ NVC ကဒ်နဲ့ ဗမာပြည်ကို ဝင်သွားဆိုရင်လည်း ကျမတို့ဟာ ဗမာ တိုင်းရင်းသားတွေကို ဒုက္ခပေးလိုက်တာနဲ့ တူမယ်။ ဒါကြောင့် ကျမတို့ရခိုင်သားကနေပြီးတော့ စာနာတတ်တဲ့စိတ်ရှိလို့ ဒီအကြမ်းဖက် ဘင်္ဂလီတွေ ဒီလိုဆိုးနေတာကို သိလို့ ရခိုင်ပြည်မှာ မထားချင်သလို ဗမာပြည်ကိုလည်း မသွင်းချင်ဘူး “ဟု ဆန္ဒပြပွဲဦးဆောင်သူ ရခိုင့်အလင်းတံခါး အဖွဲ့ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က နိရဉ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများအနေဖြင့် NVC ကဒ်ဖြင့် ရခိုင်ပြည်နယ်တွင်း လွတ်လပ်စွာ သွားလာခွင့်ရှိသည်ဟု ပြီးခဲ့သည့်လတွင် မြန်မာအစိုးရက ကြေညာထားပြီးဖြစ်သည်။

လဝက၏ ပုံစံ ၄ ကိုဖြည့်ပြီးသည်နှင့် ရခိုင်ပြည်နယ်တွင်း သွားလိုသည့်နေရာသို့ လွတ်လပ်စွာ သွားလာခွင့်ရှိသည်ဟုလည်း ဆိုထားသည်။

ယင်းသို့သွားလာခွင့်ပြုခြင်းမှာ ရခိုင်ပြည်နယ်အတွင်း ရခိုင်နှင့်ဘင်္ဂါလီ ပဋိပက္ခများ ဖြစ်ပွားလာမည်ကို အလွန်ပင်စိုးရိမ်ရသည့်အတွက် ယခုကဲ့သို့ ဆန္ဒပြရခြင်းဖြစ်သည်ဟုလည်း ဆန္ဒပြသူများက ဆိုသည်။

ဆန္ဒပြပွဲတွင် “NVC ကဒ် No !” ၊ “တိုင်းရင်းသားများလုံခြုံရေး ဦးစားပေး”၊ “မြန်မာနိုင်ငံ၌ ရိုဟင်ဂျာမရှိ”၊ “ကိုဖီအာနန်အကြံပြုချက် လက်မခံ”၊ “မြန်မာနိုင်ငံအစိုးရမှ တိုင်းရင်းသား လူမျိုးများအား ဖိနှိပ်ခြင်း အလိုမရှိ” စသည့် ဆိုင်းဘိုးများကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ – မာန်ယုကျော် (ရွှေဝမြေ)