English News

ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလီကျေးရွာသားများ ထွက်ပြေးမှုများ ဆက်လက်ရှိနေဟုဆို

နိရဉ္စရာ၊ စက်တင်ဘာ ၃၀

21430457_1689529081059162_6015588355041961909_n

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တောင်ပိုင်းမှ ဘင်္ဂလီကျေးရွာသားများသည် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိဘဲ အိုးအိမ်များကို စွန့်ခွာကာ ဆက်လက် ထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။

“ ဒီမှာ ဘာမှ ပြသနာ မရှိပါဘူး။ အခြေအနေလည်း တည်ငြိမ်နေပါပြီ။ ရခိုင်တိုင်းရင်းသားတွေကလည်း ဘာမှ ရန်ရှာတာ ပြသနာ လုပ်တာမရှိဘူး။ မီးရှို့တာလည်း မရှိဘူး။ တပ်မတော်နဲ့ အကြမ်းဖက်သမားတွေအကြား တိုက်ပွဲ ဖြစ်ပွားတာလည်း မရှိဘူး။ ဒါပေမယ့် အလိုလို ထွက်ပြေးနေကြပါတယ်”ဟု ဘူးသီးတောင်မြို့နယ် (ပ) အိုးသည်မ အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းသာက နိရဉ္စရာသို့ ပြောကြားသည်။

အခု ထွက်ပြေးသွားသည့် ကျေးရွာများမှာ ဘူးသီးတောင်မြို့နယ် ဇင်းခင်မ ကျေးရွာတွင် အိမ်ထောင်စု (၅၃) စုရှိရာ မိသားစုအားလုံးထွက်ပြေးသွားကြသည်ဟု သူက ဆိုသည်။

“ အဲဒီ ဇင်းခင်မ ကျေးရွာကနေ အိမ်ထောင်စု ၅၃ စု၊ (ကျား) ၁၈၅၊ (မ) ၁၈၄ စုစုပေါင်း ၃၆၉ ဦးထွက်ပြေးသွားပါတယ်” ဟု ဦးကျော်ထွန်းသာက ပြောဆိုသည်။

နောက်ထပ် ထွက်ပြေးသွားသည့် ဘင်္ဂလီရွာသားများမှာ အိမ်ထောင်စု ၉၆ စုရှိသည့် ပြိုင်းတောင်ကျေးရွာမှ အိမ်ထောင်စု ၂၇ စု (ကျား ၉၅၊ မ ၁၁၄) စုစုပေါင်း ၂၀၉ ဦးထွက်ပြေးသွားကြောင်း၊ ပြိုင်တောင်အုပ်စု တောင်ချေရွာတွင် အိမ်ထောင်စု ၁၀၆ စုရှိရာတွင် ၇၂ အိမ်ထောင်စု ထွက်ပြေးသွားပြီး (ကျား၂၈၁၊ မ ၂၉၁) စုစုပေါင်း ၅၇၂ ဦး ထွက်ပြေးသွားကြောင်း သူက ပြောကြားသည်။

၎င်းပြင်ပေါက်တောအုပ်စု ရွှေထားဘင်္ဂလီရွာတွင် အိမ်ထောင်စု ၁၆၀ ရှိရာ ၎င်းအထဲမှ အိမ်ထောင်စု ၈၀ (ကျား ၂၄၀၊ မ ၂၄၂) စုစုပေါင်း ၄၈၂ ဦးထွက်ပြေးသွားကြောင်း၊ (ဒု) အိုးသည်မ အုပ်စုတွင် ဘော်လီ(၁)၊ ဘော်လီ(၂)၊ ငွေတောင်နှင့် (ဒု)အိုးသည်မ ဘင်္ဂလီကျေးရွာ ၄ ရွာရှိပြီး အိမ်ထောင်စု ၇၀၀ ခန့်ရှိကြောင်း၊ ၎င်းအထဲမှ အိမ်ထောင်စု ၁၁၅ စု (ကျား ၆၃၄၊ မ ၈၆၆) စုစုပေါင်း ၁၅၀၀ ထွက်ပြေးသွားကြောင်း သူက ပြောကြားသည်။

“ အခုလို ထွက်ပြေးတာက သူတို့ကို သူတို့ ကြောက်လို့ ထွက်ပြေးတယ်လို့ သိရပါတယ်။ ဒါပေမယ့် မပြေးဘဲ ကျန်နေတဲ့ မိသားစုတွေလည်း အများကြီးကျန်နေပါသေးတယ်။ ကျန်နေတဲ့ မိသားစုတွေကတော့ ညောင်ချောင်းဈေးက စားနပ်ရိက္ခာတွေ ၀ယ်ယူပြီး ဆက်လက်နေထိုင်နေကြပါတယ်” ဟု ပြောဆိုသည်။

ထွက်ပြေးသွားကြသူများသည် စက်တင်ဘာ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ထိ ထွက်ပြေးသွားကြသူများ ဖြစ်ကြပြီး မောင်တောမြို့နယ် အလယ်သံကျော် ကျေးရွာပတ်ဝန်းကျင်တွင် ဘင်္ဂလာဒေ့ရှ်သို့ ကူးရန် စောင့်ဆိုင်းနေကြသည်ဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်မေးမြန်းရာ အုပ်ချုပ်ရေးမှူးက “ ကျွန်တော်တို့က ဒီအလယ်သံကျော်ဘက်ကို ရောက်လာတဲ့ ဘူးသီးတောင်မြို့နယ်ဘက်ကနေ ထွက်ပြေးလာတဲ့ ဘင်္ဂလီရွာသားတွေကို မေးပါတယ်။ ဘာကြောင့် ထွက်ပြေးလာကြသလဲပေါ့။ တစ်ချို့က ပြောတယ်။ စားရေးသောက်ရေး အခက်အခဲရှိလို့၊ တစ်ချို့ ပြောတယ်။ လုံခြုံရေး စိတ်မချလို့။ ဒါဆိုရင် စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးမယ်။ ကားနဲ့ ပြန်ပို့ပေးမယ်။ လုံခြုံရေးလည်း ရွာတွေမှာ ချထားပေးမယ်လို့ ပြောတော့ ဘာမှ ပြန်မပြောဘူး။ အစပိုင်းတော့ ပြန်မယ်လိုလိုနဲ့ ကျွန်တော်တို့ မရှိတော့ ဟိုဘက်နိုင်ငံကို ထွက်သွားကြတယ်။ ကျွန်တော်တို့က အတတ်နိုင်ဆုံး မသွားဖို့တားပေမယ့် သူတို့မှာလည်း သူတို့ အကြောင်းနဲ့ ရှိမှာပေါ့လေ။ မသွားနဲ့လို့ တားပေမယ့် ထွက်သွားတာတော့ မတတ်နိုင်ပါဘူး” ဟု ပြောကြားသည်။

လက်ရှိ ရရှိသော သတင်းအရ ဘူးသီးတောင်မြို့နယ် အတွင်းတွင် တည်ငြိမ်မှုများရှိနေသော်လည်း ဘင်္ဂလီကျေးရွာသားများသည် သူတို့ပိုင်ဆိုင်သည့် ကျွဲနွားများကို အကြီးအကျယ် ရောင်းချမှုပြုလုပ်လျက် ရှိကြောင်း သိရသည်။

(တစ်ဖက်နိုင်ငံသို့ ထွက်ခွာရန် မောင်တောမြို့နယ် တောင်ပိုင်းတွင် စုရုံးနေကြသည့် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလီလူမျိုးများ/ ဓာတ်ပုံ- သတင်းထုတ်ပြန်ရေး ကော်မတီ)