Advertising
English News

ဘူးသီးတောင်မြို့နယ်တောင်သူလယ်သမားသမဂ္ဂကြီးကြပ်မှုဖြင့် လက်တွန်းလယ်ထွန်စက်များ အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးနေ

နိရဉ္စရာ၊ ဇူလိုင် ၎

36462499_1984472828231451_1578509289981476864_n

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် လယ်ယာလုပ်သား ရှားပါးမှုကို တစ်ဘက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၎င်းမြို့နယ်၏ တောင်သူ လယ်သမားသမဂ္ဂမှ လက်တွန်း လယ်ထွန်စက်များကို အရစ်ကျ ငွေပေးချေသည့် စနစ်ဖြင့် လယ်သမားများသို့ ရောင်းချပေးနေကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ် တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးမြတ်ကျော်က “ ဒီလက်တွန်းလယ်ထွန်စက်တွေကို ဇွန် ၂၉ ရက်နေ့က စပြီး ရောင်းချပေးနေတာပါ။ အခုအချိန်ထိ ၄၁ စီး ရောင်းစွံသွားပါပြီ။ ဒီအစီအစဉ်က ရခိုင်ပြည်နယ် စက်မှုလယ်ယာနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

လက်တွန်းလယ်ထွန်စက်မှာ ဒီအက်ဖ် ၂၂ (DF 22) အမျိုးအစားဖြစ်ကြောင်း၊ ပထမ အရစ် ကျပ် ခုနှစ်သိန်းနှစ်သောင်းသုံးထောင်သွင်းရမည်ဖြစ်ပြီး ဘူးသီးတောင်ဆိပ်ကမ်းအရောက် ပို့ပေးကြောင်း၊ နောက်တစ်နှစ် ဇွန်လတွင် ဒုတိယအရစ် ကျပ် ငါးသိန်းကိုးသောင်းသုံးထောင် သွင်းရမည်ဖြစ်ကြောင်း၊ တတိယ အရစ်ကို လာမည့် ၂၀၂၀ ဇွန်လ တွင် ငါးသိန်းကိုးသောင်း သုံးထောင်ကို နောက်ဆုံး သွင်းရမည်ဖြစ်ကြောင်း သူက ပြောကြားသည်။

“ ကျွန်တော်တို့ ဘူးသီးတောင်မြို့နယ် တောင်သူလယ်သမားသမဂ္ဂမှနေ ကြီးကြပ်ပြီး ပြည်နယ် စက်မှုလယ်ယာကနေ လက်တွန်းလယ်ထွန်စက်တွေကို ရောင်းချပေးနေတာ ဖြစ်ပါတယ်။ အဓိကတော့ လုပ်သားတွေ ရှားပါးနေတဲ့ အတွက် အခက်အခဲဖြစ်နေတဲ့ လယ်ယာလုပ်ငန်းကို အထောက်အကူပြုဖို့နဲ့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ကူးပြောင်းရေးအတွက် ရည်ရွယ်လုပ်ဆောင်တာပါ” ဟု ဦးမြတ်ကျော်က ဆက်လက် ပြောကြားသည်။

ယခုနှစ်တွင် လက်တွန်းလယ်ထွန်စက်စီးရေ ၅၀ ကျော်ထိ ရောင်းချသွားရန် စီစဉ်ထားပြီး ထပ်မံလိုအပ်လာပါကလည်း ဖြည့်စွက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဘူးသီးတောင်မြို့နယ်မှ ထွန်စက်ဝယ်ယူလိုသူများအနေဖြင့် ဘူးသီးတောင်မြို့နယ် တောင်သူလယ်သမား သမဂ္ဂ သို့ ဆက်သွယ်ပြီး ၀ယ်ယူနိုင်ကြောင်း သိရှိရသည်။