English News

ဘူးသီးတောင်မြို့နယ်တောင်ပိုင်းတွင် ဘင်္ဂလီ ကျေးရွာတာဝန်ခံတစ်ဦး အသတ်ခံရ

နိရဉ္စရာ၊
မတ် ၁၀၊ ၂၀၁၇

17201219_1459310050747734_7309160849941617042_n

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ညောင်းချောင်းကျေးရွာအနီးတွင် တည်ရှိသော ကာဒီကျေးရွာ တာဝန်ခံသည် မတ်လ ၉ ရက်နေ့ ညနေပိုင်းက အသတ်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

အသတ်ခံရသူသည် မာမောက် ဆော်လိမ်(ဘ)မောင်ဖူရ်မျာ (၃၀)နှစ်ဖြစ်ပြီး အထက်ကျွဲကြိုမော်ကျေးရွာအုပ်စု၊ ကာဒီကျေးရွာတာဝန်ခံ ဖြစ်ပြီး မတ်လ ၉ရက် ညပိုင်းတွင် လူ ၆ဦးမှ တုတ်၊ ဓားများဖြင့် ၀ိုင်းဝန်း ခုတ်သတ် ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ကာဒီကျေးရွာတာဝန်ခံ မာမောက်ဆော်လိမ်သည် မတ်လ ၉ရက် ည ၈နာရီခွဲတွင် ၄င်း၏နေအိမ်၌ ရှိနေစဉ် ကျေးရွာနေ မာမောက်အီနုစ် (ဘ)အော်လီဘူရှု (၃၂)နှစ်မှ ၄င်း၏ ဇနီးဖြစ်သူ မဆာနိုဝါဘေဂေါမ်အား ရွာသားများမှ ၀ိုင်းဝန်းရန်ရှာမှုကြောင့် ပြဿနာဖြစ်ပွားနေသဖြင့် လာရောက် ဖြေရှင်းပေးရန် ဖုန်းဖြင့် အကြောင်းကြားခဲ့သည်ဟု ဆိုသည်။

မာမောက်ဆော်လိမ်မှာ ဆယ်အိမ်မှူး အဘူလာရှိမ်း နှင့်အတူ ကာဒီကျေးရွာသို့ လိုက်သွားခဲ့ရာ ၁နာရီကျော်ခန့်ကြာသည်အထိ နေအိမ်သို့ ပြန်လည် ရောက်ရှိ လာခြင်းမရှိခဲ့သဖြင့် ၎င်း၏ ဖခင်ဖြစ်သူ မောင်ဖူရ်မျာ (ဘ)မျာဆောင်း (၅၅)နှစ်မှ သား ဖြစ်သူအား ရှာရန် ကာဒီကျေးရွာသို့ လိုက်သွားခဲ့သည်။

ထိုသို့လိုက်သွားခဲ့ရာ မာမောက်ဆော်လိမ်မှာ မာမောက်အီနုစ်၏ နေအိမ်ရှေ့ လမ်းဘေးတွင် မာမောက် အီနုစ်(ဘ)အော်လီဘူရှု(၃၀)နှစ်၊ အဘူလာရှိမ်း(ဘ)လာလူး (၂၂)နှစ်၊ အဒူရော်မာန် (ခ) ဘောဒီလာ(ဘ)ဂူရာမျာ (၂၂)နှစ်၊ ဒွေးလာ(ခ)အဒူလာ(ဘ) အဒူမော်ဇီ (၂၅)နှစ်၊ အဘူတာဟဲရ် (ဘ)ဂေါ်ဖူမျာ (၂၇)နှစ်၊ ကာလာ(ဘ) ဖော်လီအာမောက် (၄၂)နှစ်တို့ ၆ဦးမှ တုတ်/ဓားကိုယ်စီဖြင့် ခုတ်နေသည်ကို တွေ့မြင်ခဲ့ရ၍ မာမောက်ဆော်လိမ်၏ ဖခင် မောင်ဖူရ်မျာမှ အော်ဟစ်သည့်အခါ မာမောက် အီနုစ်ပါ ၆ဦးမှာ ရွာပြင် ဓနိတောထဲသို့ ထွက်ပြေးသွားကြကြောင်း သိရသည်။

မာမောက်ဆော်လိမ်မှာ မာမောက်အီနုစ်ပါ ၆ဦးမှ တုတ်/ဓားများဖြင့် ၀ိုင်းဝန်းခုတ် ရိုက်မှုကြောင့် ရရှိသောဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

တုတ်/ဓားများဖြင့် ၀ိုင်းဝန်းခုတ်ရိုက်သူ မာမောက်အီနုစ်ပါ ၆ဦးအား သေဆုံးသူ၏ဖခင်မှ မတ်လ ၁၀ရက် မွန်းလွဲ ၁နာရီခွဲတွင် ညောင်ချောင်းနယ်မြေရဲစခန်း သို့တိုင်ကြားခဲ့ရာ နယ်မြေရဲစခန်းမှ (ပ)၆/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး သေဆုံးသူအား ဘူးသီးတောင် မြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။