English News
  •   မေယုFM ထုတ်လွှင့်နေခြင်းအားရပ်တန့်ပေးရန် Arakan Youth Forum မှသဘောထားထုတ်ပြန်။

မင်းပြားမြို့တည် နှစ် (၁၅ဝ) ပြည့်အထိမ်းအမှတ်အဖြစ် စေတီတစ်ဆူ တည်ထားကိုးကွယ်မည်

မဘုကေ
စစ်တွေ၊ ဇန်နဝါရီ ၁၁

15894936_1397637556914984_7729695267657436381_n

ရခိုင်ပြည်နယ် မင်းပြားမြို့တည် နှစ် (၁၅ဝ) ပြည့်အထိမ်းအမှတ်အဖြစ် စေတီတစ်ဆူ တည်ထားကိုးကွယ်မည်ဟု မြို့ခံများက ပြောသည်။

“မင်းပြားမြို့ကို တည်ခဲ့တာ နှစ် ၁၅ဝ ပြည့်ပြီဆိုတော့ အထိမ်းအမှတ်အနေနဲ့ အခုလိုတည်မှာပါ။ နှစ် ၁ဝဝ ပြည့်တုန်းကလည်း နှစ် ၁ဝဝ ပြည့် ကောင်းမှုတော်စေတီကို ဒီပန်းခြံမှာပဲ တည်ခဲ့ကြတယ်လေ ” ဟု နှစ် ၁၅ဝ ပြည့် ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးလှမောင်သာက နိရဉ္စရာသတင်းဌာန သို့ပြောသည်။

အဆိုပါစေတီကို အမြင့်ပေ ၂ဝ ခန့်နှင့် လုံးပတ် ပေ ၁ဝ ကျော်အတိုင်းအတာဖြင့် တည်ထားမည်ဖြစ်ပြီး စေတီတည်နိုင်ရေးအတွက် ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင်နေကြပြီဟုလည်း သိရသည်။

“ဒီစေတီကို တပေါင်းလပြည့်နေ့ (မတ်လ ၁၂ ရက်နေ့)မှာ အုတ်မြစ်ချမှာဖြစ်ပြီး အထိမ်းအမှတ်ပွဲကိုတော့ တပေါင်းလပြည့်ကျော် ၅ ရက်နေ့ကနေ ၇ ရက်နေ့အထိ (မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ)ကျင်းပသွားမှာဖြစ်ပါတယ်” ဟုလည်း ဦးလှမောင်သာက ဆိုသည်။

အဆိုပါစေတီကို မြဝတီမြို့ရှိ အလိုတော်ပြည့်ဆရာတော်ကမတည်၍ မြို့ခံများနှင့် စေတနာရှင်များက စုပေါင်းတည်ထားကိုးကွယ်သွားမည်ဟုလည်းသိရသည်။

မင်းပြားမြို့ကို ၁၈၆၇ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မင်းပြားမြို့၌ ရပ်ကွက် (၈)ခုနှစ် အိမ်ခြေ ၄၃ဝဝ ကျော်ရှိကြောင်းလည်း သိရသည်။