English News

မယူကမ်း အထက်နန်းရာတွင် စေတီတည်မည်

နိရဉ္စရာ၊ အောက်တိုဘာ ၇

22196343_1695868093758594_2038832338491048006_n

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ် အထက်နန်းရာကျေးရွာအနီးရှိ တောင်တစ်လုံးပေါ်တွင် စေတီတစ်ဆူ တည်ရန် ဒေသခံ ပြည်သူများမှ စီစဉ်နေကြောင်း သတင်းရရှိသည်။

“ ဟုတ်ပါတယ်။ ၀ါကျွတ်လပြည့်နေ့ ဖြစ်တဲ့ အောက်တိုဘာလ ၅ ရက်နေ့က စေတီပြင်ဆရာတော်ကြီး ကိုယ်တိုင် ကြွရောက်ပြီး စေတီတည်ထားကိုးကွယ်မယ့် နေရာကို သွားကြည်ခဲ့ပါတယ်။ နေရာက အလွန်လှပတဲ့ တောင်ကုန်းပေါ်မှာ တည်ထားမှာပါ။ အဲဒီတောင်ကုန်းက အထက်နန်းရာချောင်းရဲ့ အငူမော်- ဘူးသီးတောင် ကားလမ်းဘေးမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အခု မေယူတောင်ကို ဖြတ်ပြီး အသစ်ဖောက်လုပ်တဲ့ စေတီပြင်-အင်းဒင် လမ်းနဲ့ဆုံတဲ့ နေရာဖြစ်ပါတယ်။ အဓိက အချက်အချာနေရာ တစ်ခုပါ” ဟု စေတီတည်ထားကိုးကွယ်ရေး ဖြစ်မြောက်ရေး တာဝန်ခံ ဦးမောင်ခင်ဝင်းက ပြောကြားသည်။

စေတီတော်တည်ထားရေးအတွက် လိုအပ်သော ငွေကြေးကို ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်မှ မတည်မည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ စုပေါင်းလှူဒါန်းငွေဖြင့် တည်ထားမည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က “ စေတီတော်ကို ဥာဏ်တော် လက်တောင် ၂၇ တောင် အမြင့် တည်ထားမှာ ဖြစ်ပါတယ်။ စေတီတော်ရဲ့ နာမည်ကိုတော့ ရန်အောင်မြင် ဆုတောင်းပြည့် စေတီလို့ အမည်ပေးမလို့ စိတ်ကူးရှိပါတယ်။ ဒေသခံ ပြည်သူတွေနဲ့ တိုင်ပင်ညှိနိုင်းပြီး နာမည် ပေးသွားမှာပါ” ဟု ပြောဆိုသည်။

၎င်းစေတီတော်တည်ထားရေးကို ဒေသဆိုင်ရာ အာဏာပိုင်များ၊ ၎င်းဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ဗျူဟာမှူးတို့မှလည်း သဘောတူထားပြီး လာမည့် မတ်လ မတိုင်မီ အပြီး တည်ဆောက်မည်ဟုလည်း သိရသည်။

မယူကမ်း စေတီပြင်တိုက်နယ်တွင် အထက်နန်းရာ၊ အောက်နန်းရာဟု ခေါ်ဆိုသော နေရာ နှစ်ခုရှိပြီး သမိုင်းအရ အရေးကြီးသော နေရာ ဖြစ်သဖြင့် သမိုင်းပညာရှင်များအနေဖြင့် လေ့လာဆန်းစစ်ရန် လိုအပ်နေကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က ပြောကြားသည်။

အထက်နန်းရာ၊ အောက်နန်းရာတွင် ယခင်က ဘင်္ဂလီလူမျိုးများနေထိုင်ခဲ့ပြီး ယခုအခါ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားကြပြီဟု သိရသည်။

(စေတီတည်ထားမည့် တောင်ကုန်းအားတွေ့ရစဉ်)