Advertising
English News

မယူရှင်မနတ်ကွန်း ပြန်လည်တည်ဆောက်ရန် တူးဖော်ရာမှ အမည်မသိ ရှေးဟောင်းပစ္စည်းများတွေ့ရှိ

နိရဉ္စရာ၊ မေ ၁၅

32466309_1923559250989476_8286308347230027776_n

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်း တောင်ဦးဘုရားအနီးရှိ မယူရှင်မ နတ်ကွန်းအား ပြန်လည် ပြုပြင် မွန်းမံ တည်ဆောက်ရန် အတွက် မြေကြီးအား တူးဖော်ရာ အမည်မသိ ရှေးဟောင်းပစ္စည်းများ ထွက်ပေါ်လာသည်ဟု သိရသည်။

နတ်ကွန်းအနီး မြေကြီးအား တူးဖော်ရာမှ သေတ္တာသဏ္ဍန်ရှိသည့် ရှည်မျောမျော ကျောက်သေတ္တာ တစ်လုံးကို တွေ့ရှိရပြီး ၎င်းကျောက်သေတ္တာပေါ်တွင် မထင်မရှား ဖြစ်နေသည့် အမျိုးသမီး တစ်ပိုင်းပုံပါ အ၀ိုင်းကြီး ၄ ခုနှင့် ကျောက်စာများ ရေးထိုးထားသည်ကို တွေ့ရသည်။

မျက်မြင် တစ်ဦးကမူ ၎င်းကျောက်ပြားမှာ ကျောက်ခေါင်းတစ်လုံးပုံသဏ္ဍန်နှင့် အလားတူ သည်ဟု ပြောဆိုသည်။

နတ်ကွန်း၏ ရှေ့တွင် အပိုင်းပိုင်း ကျိုးပျက်နေသော ရှေးခေတ်ကျောက်တုံးများကို အကျိုးကျိုး အပြတ်ပြတ်တွေ့ရှိရပြီး နတ်ကွန်းပြင်ပတွင်လည်း အလွတ်လှပ သေသပ်သော ကျောက်ဆစ် လက်ရာများဖြင့် ထုလုပ်ထားသည့် ကျောက်သေတ္တာသဏ္ဍန် ကျောက်တုံး တစ်တုံးကိုလည်း တွေ့ရှိရသည်။

ဒေသခံ တစ်ဦးကမူ ၎င်းမှာ ကျောက်သေတ္တာဖြစ်ပြီး သိုက်တူးဖေါ်ရာမှ သေတ္တာပိတ်သွားပြီး ယင်းသေတ္တာမှ အစိတ်အပိုင်း ဖြစ်နိုင်ကြောင်း ပြောပြသည်။

32349317_1923692824309452_4889380324405936128_n

၎င်းပြင် အလယ်တည့်တည့်တွင် အပေါက်ပါသော လေးထောင့်ပုံ ကျောက်ပြားကြီး တစ်ချပ်ကိုလည်း တွေ့ရှိရသည်။

ဒေသခံ လူကြီး တစ်ဦးဖြစ်သူ ဦးကျော်သန်းက “ မနေ့က ဆက်လက် တူးဖော်ရာမှာ တံခါးပုံသဏ္ဍန် ကျောက်ပြားချပ်ကြီး တစ်ချပ်ကို ထပ်တွေ့ရပါတယ်။ ဒီမှာ တွေ့ရတဲ့ ပစ္စည်းတွေဟာ ဘယ်လို ပစ္စည်းတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့လည်း မသိဘူး။ ရှေးဟောင်းသမိုင်း သိတဲ့ လူတွေက လာရောက် ဆန်းစစ်ကြည့်ရင် သိနိုင်ပါတယ်။ ဒီနတ်ကွန်းနဲ့ တွေ့ရှိတဲ့ ရှေးဟောင်း ပစ္စည်းတွေ ကိုလည်း အဆောက်အဦးတစ်ခု ဆောက်ပြီး ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ နတ်ကွန်းသည် ရှေးရခိုင်ဘုရင်များ ခေတ်ကတည်းက တည်ရှိသည့် မယူရှင်မ နတ်ကွန်းဖြစ်ပြီး နတ်ကွန်းထဲတွင် ရဲပန်းဇင်း၊ ရဲအောင်တိုင် နတ်ညီအစ်ကို ၂ပါး ရှိသည့် အပြင် ကျောက်မီးကျောင်း၊ ကျောက်ဆင်ဖြူ၊ သတိုးအောင် နတ်ရုပ် တို့ရှိကြောင်း၊ ကျောက်ကျား အရုပ်ကိုမူ ခိုးယူသွားခဲ့ပြီ ဖြစ်ကြောင်း နတ်ကွန်းကို စောင့်ရှောက်နေသူ အမျိုးသမီး တစ်ဦးက ပြောကြားသည်။

(ဤဓာတ်ပုံများသည် မေလ ၁၀ ရက်နေ့က သွားရောက်ပြီး မှတ်တမ်းတင်ထားသည့် နိရဉ္စရာ သတင်းဌာနမှ ဓာတ်ပုံများ ဖြစ်ကြပါသည်။)