English News

မာန်အောင်ကျွန်းဒေသခံများက ကျပ်သိန်း ၁၃ဝ ကျော်လှူဒါန်း

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၁၁

21557831_1642059899139414_6690392336664251001_n

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ဒေသများတွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်ပြည်သူများအတွက် မာန်အောင်ကျွန်းဒေသခံများဖြင့်ဖွဲ့စည်းထားသော မာန်အောင်မြို့နယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ကူညီကယ်ဆယ်ရေးအသင်းက ကျပ်သိန်းပေါင်း ၁၃ဝ ကျော်ကို လှူဒါန်းလိုက်ကြောင်း သိရသည်။

အဆိုပါငွေများကို ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့နှင့် စာရေးဆရာ ဝေဟင်အောင်တို့မှတဆင့် လှူဒါန်းလိုက်ခြင်းဖြစ်သည်ဟု အသင်းတာဝန်ရှိသူများက ပြောသည်။

“အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်လာကြတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေမှာ လိုအပ်တဲ့ စားနပ်ရိက္ခာတွေရရှိနိုင်အောင်အတွက် ဒီလ ၇ ရက်နေ့က လှူဒါန်းတာပါ”ဟု အသင်း၏ ဘဏ္ဍာရေးမှူး ဦးမောင်မောင်တင်က ပြောသည်။

21462924_1642060129139391_3433528508218928016_n

အဆိုပါလှူဒါန်းငွေများကို ဘူးသီးတောင်နှင့် မောင်တောဒေသများသို့သွားရောက်လှူဒါန်းလိုသော်လည်း လုံခြုံရေးအခြေအနေကြောင့် ယခုကဲ့သို့အသင်းအဖွဲ့များမှတဆင့်လှူဒါန်းလိုက်ရခြင်းဖြစ်သည်ဟုလည်း အသင်းတာဝန်ရှိသူများက ပြောကြသည်။

အဆိုပါအသင်းကို မာန်အောင်မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းကျရောက်သော သဘာဝ ဘေးအန္တရာယ်များကြောင့် ဒုက္ခရောက်ပြည်သူများကိုကူညီကယ်ဆယ်ပေးနိုင်ရန်အတွက် ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် မာန်အောင်မြို့နယ် ကုန်းတန်းကျေးရွာ၌စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။