Advertising
English News

မာန်အောင်မြို့ဝင်ချောင်း တိမ်ကောမှုကို ကမ်းထိန်းနံရံပြုလုပ်ပြီး ကာကွယ်သင့်ဟု ဒေသခံများဆို

အောင်လင်းထွန်း (မာန်အောင်)
နိရဉ္စရာ၊ ဇူလိုင် ၈

36863991_1990516850960382_8449318969046728704_n

မာန်အောင်မြို့ဝင်ချောင်း တိမ်ကောလာသဖြင့် ၎င်းချောင်းကို ကမ်းထိန်းနံရံပြုလုပ်ပြီး ကာကွယ် သင့်ကြောင်း မာန်အောင်ဒေသခံများက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ရေကြောင်းတစ်ခုတည်းကို အားကိုးပြီးသွားလာနေရသော မာန်အောင်ဒေသအတွက် မာန်အောင် မြို့ဝင်ချောင်းမှာ ဆက်သွယ်ရေးအရ အလွန်အရေးပါသဖြင့် ၎င်းချောင်း တိမ်ကော မသွားစေရန်နှင့် ရေယာဉ်များ အချိန်မရွေး ၀င်ထွက်သွားလာနိုင်ရန် တာဝန်ရှိသူများ အနေဖြင့် အသေအချာ လေ့လာ ဆန်းစစ်ပြီး စီမံကိန်းများ စနစ်တကျ ရေးဆွဲ ဆောင်ရွက်ရန် လိုအပ် နေကြောင်း ဒေသခံတို့က ပြောဆိုသည်။

“ အခုက မာန်အောင်ချောင်းကို တူးနေပါတယ်။ ချောင်းကိုတူးတာက တူးပါ။ ဒါပေမဲ့ ရေလိုင်း ရိုက်ပုတ် တိုက်စားတဲ့ အတွက် တူးပြီး တင်ထားတဲ့ သဲတွေက ရေချောင်းထဲကိုပြန်ကျနေတယ်။ ချောင်းကို သဲတွေ ပြန်ဖို့တယ်။ ဆိုတော့ ချောင်းကို တူးဖော်မယ့် အစား သဲတွေပြန်မကျရအောင် ချောင်းရဲ့ တောင်ဘက်ခြမ်းကို ကျောက်တွေစီပြီး ကမ်းထိန်းနံရံ ပြုလုပ်ဖို့လိုအပ်အပ်ပါတယ်” ဟု ဒေသခံလူကြီး တစ်ဦးဖြစ်သူ ဦးစန်းလွင်က နိရဉ္စရာသတင်းဌာသို့ ပြောသည်။

မြို့ဝင်ချောင်းမှာ တစ်ဖြည်းဖြည်း တိမ်ကောလာသဖြင့် မာန်အောင်မြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များမှာ ဒီရေအတက် အကျကို စောင့်ရပြီး ချောင်းရေပြည့်မှ ၀င်ထွက် သွားလာ နေရသဖြင့် ခရီးသွားပြည်သူများ အနေဖြင့် အန္တရာယ်နှင့် အတူ ခရီးကြန့်ကြာမှုများ ပေါ်ပေါက် နေသည်ဟု သိရသည်။

မိုးတွင်းကာလ လိုင်းလေကြီးချိန်တွင် မာန်အောင်ချောင်းထဲတွင် ရေမရှိ၍ ရေယာဉ်များ အနေဖြင့် အပြင်ဘက်မှ ရေပြင်မှ စောင့်ဆိုင်းရသဖြင့် အန္တရာယ်များလည်း ရှိနေသည်ဟု သိရသည်။

“မိုးတွင်းမှာဆိုရင် ပင်လယ်ပြင်မှာ လိုင်းလေကြီးတယ်။ ချောင်းတွင်းမှာ ဒီရေမရှိတဲ့ အတွက် အပြင်ဘက်ကနေ ချောင်းတွင်းကို မ၀င်နိုင်ဘဲ ရေယာဉ်ကို ရပ်ထားပြီး စောင့်ရတဲ့ အချိန်ဆို အလွန် အန္တရာယ်များတယ်။ အချိန်လည်း ကြန့်ကြာတယ်။ ဒါကြောင့် ဒီချောင်းကို မတိမ်ကောအောင်၊ ရေယာဉ်တွေ ပုံမှန် ၀င်ထွက်နိုင်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ အဓိက ချောင်းတာင်ဘက်ခြမ်းနဲ့ အရှေ့ဘက်က သဲတွေ ချောင်းထဲ ပြန်မကျအောင် ကျောက်ကာရီ ဆယ်ပြီး ကာကွယ်နိုင်မှ အဆင်ပြေမယ်ထင်ပါတယ်” ဟု ရွှေလင်းယုန်အမြန်ယာဉ် မောင်း သူ ဦးစိုးမြင့် ကပြောသည်။

ချောင်းတိမ်ကောလာသဖြင့် မာန်အောင်မြို့ချောင်းကို နှစ်စဉ် နှစ်တိုင်းတူးဖော်နေရသဖြင့် ငွေကုန်ကြေးကျများကြောင်း၊ ထိုသို့ နှစ်စဉ် တူးဖော်နေရသည်ကို ရှောင်ရှားနိုင်ရန်အတွက် ကမ်းထိန်းနံရံတည်ဆောက်ပြီး ချောင်းထဲ သဲများမဖို့ရန် ဆောင်ရွက်ရန်လိုကြောင်း သူက ဆက်လက် ပြောကြားသည်။