English News

မုန်တိုင်းကြောင့် မာန်အောင်တွင် အပျက်အစီးများရှိဟုဆို

နိရဉ္စရာ၊ ဧပြီ ၁၇

17992044_1497040040308068_7776979029988465030_n

ဧပြီလ ၁၆ ရက်နေ့ ညနေက ၀င်ရောက်တိုက်ခတ်သွားသော မုန်တိုင်း မာရုသာကြောင့် မာန်အောင် မြို့နယ်တွင် ထိခိုက်ပျက်စီးမှုများပြားကြောင့် မာန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်မှ နိရဉ္စရာသို့ ပြောကြားသည်။

“ ပျက်စီးတာကတော့ များပါတယ်။ မာန်အောင်မြို့နယ် ဆေးရုံ သံဃာဆောင် အခေါင်မိုးတွေ လန်ထွက်သွားပါတယ်။ သစ်ပင်တွေကျိုးကျပြီး မီးကြိုးတွေ ပြတ်တောက်သွားတာ၊ မီးတိုင်တွေ ပျက်စီးသွားတာတွေလည်းရှိပါတယ်” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

မာန်အောင်မြို့နယ်အတွင်းရှိ အစိုးရ စာသင်ကျောင်းအများအပြားလည်း ခေါင်မိုးလန်ထွက်ခြင်း၊ အိမ်အများအပြားလည်း ခေါင်မိုးလန်သွားသည့် ဖြစ်စဉ်များရှိသည်ဟု သိရသည်။

“ အခုရွာတွေကို လိုက်လံ စစ်ဆေးနေတုန်းဖြစ်တဲ့ အတွက် အပျက်အစီးစာရင်းကို အတိအကျ မပြောနိုင်သေးဘူး။ အခု ကျွန်တော်က အပြင်ကို ရောက်နေတဲ့ အတွက် အပျက်အစီးစာရင်းကို တိတိကျကျ နောက်မှဘဲ ပြောနိုင်မယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဆီက စာရင်းတွေ တက်လာတာ တစ်ချို့တော့ ရှိပါတယ်” ဟု ဆက်လက် ပြောကြားသည်။

မာန်အောင်မြို့နယ်တွင် စာသင်ကျောင်း (၆)ကျောင်း၊ ဘုန်းတော်ကြီး ကျောင်း(၂)ကျောင်း၊ မြို့နယ်ပြည်သူ့ဆေး ရုံခေါင်မိုး၊ လူနေအိမ်(၇)လုံး၊ အခြား အဆောက်အဦး(၂)ခု ထိခိုက် ပျက်စီး ခဲ့ကြောင်း၊ ကျောက်ဖြူခရိုင်ပြန်/ဆက်မှ ထုတ်ပြန်ထားသော သတင်းတွင် ဖော်ပြသည်။

အိမ်အများအပြားနှင့် စာသင်ကျောင်း ခေါင်မိုးများ အပျက်အစီးရှိသော်လည်း တစ်စုံတစ်ရာ အထိအခိုက် မရှိကြောင်း၊ မုန်တိုင်းမှာ ညနေ ၇ နာရီကျော်မှ ၁၂ နာရီကျော်ထိ မာန်အောင်မြို့နယ်တွင် တိုက်ခတ်ခဲ့ကြောင်း၊ တစ်နာရီမိုင် ၅၀ ခန့်ဟု မြို့နယ် အုပ်ချုပ်ရေးမှူးမှ ပြောကြားသည်။

(ဓာတ်ပုံ- မာန်အောင်မြို့နယ်မှ အပျက်အစီးများ/ Khaing Myo Won Post)