English News

မုန်တိုင်း မာရုသာကြောင့် သံတွဲတွင် အိမ်ခေါင်မိုး လန်တာကလွဲပြီး အပျက်အစီးမရှိ

နိရဉ္စရာ၊ ဧပြီ ၁၇

17799051_1496974253647980_4078809816787860163_n

ဧပြီလ ၁၆ ရက် သင်္ကြန် အတက်နေ့ ညနေပိုင်းက သံတွဲကို ဦးတည် တိုက်ခတ်သွားသော မုန်တိုင်းမာရုသာကြောင့် အိမ်အချို့ ခေါင်မိုးလန်ရုံမှ အပ အထိအခိုက်အပျက်အစီး မရှိကြောင်း သိရှိရသည်။

သံတွဲတွင် မုန်တိုင်း မာရုသာသည် ညနေ ၇ နာရီကျော်ကျော်ခန့်တွင် စတင် ၀င်ရောက်တိုက်ခတ်သွားပြီး ညဥ့် ၁၁ နာရီ အချိန်တွင် အားပျော့သွားခဲ့သည်ဟု သံတွဲမြို့ နယ်အုပ်ချုပ်ရေးမှူးက နိရဉ္စရာသို့ ပြောသည်။

“ ညနေ ၇ နာရီကျော်ကျော်က တိုက်တာ ညဥ့် ၁၀ နာရီကျော်မှာတော့ အရှိန်အပြင်းဆုံးပါ။ ၁၁ နာရီကျော်ကျော်မှာ အားပျော့သွာပါတယ်။ မုန်တိုင်းရဲ့ လမ်းကြောင်းက ကျယ်တဲ့ အတွက် ကုန်းတွင်းပိုင်းမှာ အဆုံးသတ်သွားတာပါ။ ငပလီ ကမ်းခြေမှာတော့ တစ်နာရီ ၅၅ မိုင်နှုန်း၊ သံတွဲမြို့ပေါ်မှာတော့ တစ်နာရီ မိုင် ၅၀ နှုန်းနဲ့ တိုက်ခတ်သွားပါတယ်။ အထိအခိုက်ကတော့ အိမ်တွေ ခေါင်းမိုးလန်သွားတာကလွဲပြီး ကျန် အပျက်အစီးမရှိပါ” ဟု သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

ငပလီ ဂေါ့ရပ်ကွက်မှာ အိမ် ရှစ်အိမ်လောက် ခေါင်မိုးလန်သွားကြောင်း၊ အိမ်တစ်အိမ်မှာ အုန်းပင် ပိလဲကျရာမှ သွပ်ပြားချပ် ၆ ချပ်ခန့် လန်သွားကြောင်း၊ အဓိက မုန်တိုင်းဒဏ်ကို ငပလီမြို့ရှိ ရပ်ကွက် ၅ ရပ်ကွက်နှင့် မှော်ရုံ၊ ကျီးကန်းရဲ၊ ဆင်ခေါင်းတို့ကို ဖြတ်တိုက်သွားကြောင်း၊ ယခုအခါ အပျက်အစီးများတစ်ချို့ကို ရှင်းလင်းပြီး တစ်ချို့ကိုလည်း ရှင်းလင်းဆဲ ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ရှင်းပြ ပြောဆိုသည်။

ကျောက်ဖြူတွင် ကျောက်တစ်လုံး ဒုက္ခသည် စခန်းတွင် ယနေ့နံနက် ၄ နာရီခန့်က အဆောင်တစ်ခု ပြိုပျက်ခြင်းမှ လွဲပြီး တစ်ခြား အထိအခိုက် မရှိကြောင်း ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

မြေပုံနှင့် တောင်ကုတ်တို့တွင်လည်း အထိအခိုက်မရှိကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက နိရဉ္စရာသို့ ယနေ့ နံနက်က ဖုန်းဖြင့် မေးမြန်းစဉ် ပြန်လည် ဖြေကြား ပြောဆိုသည်။

ဂွမြို့နယ်သို့မူ မုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့ခြင်းမရှိကြောင်း၊ ရမ်းဗြဲတွင်လည်း မုန်တိုင်းကြောင့် ထိခိုက်မှု မရှိကြောင်း သိရသည်။

(ငပလီကမ်းခြေကို ယနေ့ ဧပြီ ၁၇ နံနက်က တွေ့ရစဉ်)