Advertising
English News

ယဉ်ကျေးမှုတက္ကသိုလ်ဘွဲ့ယူလက်ရာမွန်ပြပွဲတွင် ရခိုင်ကျောင်းသူတစ်ဦးနှင့် ခမီကျောင်းသားတစ်ဦးတို့ ရေးဆွဲထားသောပန်းချီးကားနှစ်ကားထည့်သွင်းပြသ

အောင်ဇေ
နိရဉ္စရာ၊ စက်တင်ဘာ ၂/ ၂၀၁၈

40570034_2082459348432798_3411152756939948032_n

ယနေ့ စက်တင်ဘာလ ၂ ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ကျင်းပ ပြုလုပ်သော ယဉ်ကျေးမှု တက္ကသိုလ်အဆင့် ပန်းချီ၊ ပန်းပု၊ ဘွဲ့ယူ လက်ရာမွန်ပြပွဲနှင့် ဂီတသဘင်စင်တင်ပွဲတွင် ယဉ်ကျေးမှုတက္ကသိုလ်မှ ရခိုင်ကျောင်းသူ မချမ်းငြိမ်းသူနှင့် ခမီကျောင်းသား ကိုချမ်းငြိမ်း တို့ ရေးဆွဲခဲ့သော ပန်းချီကားတို့ ပါဝင်ပြသခဲ့ကြောင်းသိရသည်။

မချမ်းငြိမ်းသူ ရေးဆွဲသော ပန်းချီကားအမည်မှာ “Believe” ဖြစ်ပြီး ခမီတိုင်းရင်းသား ကိုချမ်းငြိမ်း ရေးဆွဲသည့် ပန်းချီကားအမည်မှာ “ခမီတိုင်းရင်းသူ” ဖြစ်ကာ ( Acrylic) ဆေးအမျိုးအစား ပန်းချီ ကားများ ဖြစ်ကြောင်း သိရသည်။

ရခိုင်ကျောင်းသူ မချမ်းငြိမ်းသူက “ ရခိုင် မိန်းမပျိုလေးတစ်ဦးရဲ့ ဆန္ဒနှင့် ဘ၀ကို သရုပ်ဖော်ရေးဆွဲ ထားတာဖြစ်ပါတယ်။ သူမရဲ့ မျှော်လင့်ချက် တစ်နေပြည့်ဝ လာမှာကို ယုံကြည် နေတဲ့သဘောနဲ့ ဆွဲတာဖြစ်ပါတယ်။ ပန်းချီကားထဲမှာ ရခိုင်အမှတ်တံဆိပ်ဖြစ်တဲ့ သီရိဝစ္ဆ ကို ထည့်သွင်း ရေးဆွဲ ထားသလို အပြာရောင် နောက်ခံမှာ ကောင်းခြင်းကိုးဖြာနဲ့ပြည့်စုံတဲ့ န၀ရူပ သင်္ကေတကို ထည့်သွင်း ရေးဆွဲထားတာကလည်း ရခိုင်ပြည်သူပြည်သားတွေရဲ့ စည်းလုံးညီညွှတ်မှု မျိုးချစ်စိတ်ဓါတ်တို့ကို ပေါ်လွှင်စေရန် ရည်ရွယ်ပြီး ရေးဆွဲထားတာဖြစ်ပါတယ်” ဟု နိရဉ္စရာ သတင်းဌာသို့ ပြောသည်။

ကိုချမ်းငြိမ်း က “ ကျွန်တော်ရဲ့ ပန်းချီကားကို “ခမီတိုင်းရင်းသူ” လို့ အမည်ပေးထားပါတယ်။ ခမီတိုင်းရင်းသူတို့ရဲ့ နေထိုင်မှုဘ၀ဟာ ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ အပြုံးနဲ့ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုကို ပေါ်လွင်စေရန် ရည်ရွယ်ပြီး ရေးဆွဲထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်သာမက မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ လူမျိုးပေါင်း ၁၃၅ မျိုးထဲမှာမှ မထင်မရှားဖြစ်နေတဲ့ ခမီ မျိုးနွယ်စု အကြောင်းကို ပိုမို သိစေရန် ရည်ရွယ်ပြီး ရေးဆွဲထားတာဖြစ်ပါတယ်။ လူမျိုးတိုင်းမှာ သူတို့ရဲ့ ချစ်စရာ ကောင်းတဲ့ ရိုးရာဓလေ့၊ ရိုးရာစရိုက်၊ ၀တ်စားဆင်ယဉ်ထုံးဖွဲ့မှုတွေ အလှကိုယ်စီ ရှိကြတယ်ဆိုတာကို ဖော်ပြထားတဲ့ ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်” ဟု နိရဉ္စရာ သို့ပြောကြားခဲ့သည်။

ယဉ်ကျေးမှု တက္ကသိုလ်အဆင့် ပန်းချီ၊ ပန်းပု၊ ဘွဲ့ယူ လက်ရာမွန်ပြပွဲနှင့် ဂီတသဘင်စင်တင်ပွဲသို့ ယဉ်ကျေးမှုတက္ကသိုလ် ကျောင်းသူကျောင်းသားများအပါအ၀င် လူပေါင်း ၅၀၀ ကျော်ခန့် တက်ရောက်ခဲ့ပြီး ဘွဲ့ယူ ကျောင်းသား ကျောင်းသူများရေးဆွဲထားသောပန်းချီကားပေါင်း ၃၈ ကားကို ပြပသခဲ့ကြောင်း သိရသည်။

ပြပွဲကို နံနက် (၁၀) နာရီမှ ညနေ (၃) နာရီထိ ကျင်းပပြုလုပ်ခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီး သူရအောင်ကို တက်ရောက်ခဲ့ပြီး ဂီတအနုပညာကျောင်းသား ကျောင်းသူများမှ အဆိုအကများဖြင့် ဖြေဖျော်ခဲ့ကြောင်းသိရသည်။