Advertising
English News

ရခိုင်တစ်ပြည်နယ်လုံး အမှတ်အများဆုံးရ ကျောင်းသား ၆ ဦး သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ဆုချီးမြှင့်မည်

စိုးဇံအောင်(တောင်ကုတ်)
နိရဉ္စရာ၊ ဇွန် ၈

34790622_1947348071943927_4336827730893996032_n

၂၀၁၇- ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်တန်းတွင် ရခိုင်တစ်ပြည်နယ်လုံး၌ အမှတ်အများဆုံးဖြင့် အဆင့် (၁) မှ (၅) ထိထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူ ၆ ဦးအား ရခိုင်ပြည်နယ်မှ လူမှုရေး အဖွဲ့ တစ်ခု ဖြစ်သည့် သင်္ဂဟကမ်း လက်ရက္ခိတအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်သွားမည်ဟုသတင်း ရရှိသည်။

၎င်းကျောင်းသား စစ်တွေအထက(၂) မှ ရမှတ် ၅၃၉ မှတ်ဖြင့် အဆင့် ပထမ ရသည့် မအေးပြည့်ဖြိုး၊ သံတွဲမြို့နယ် ငကျော်တောင် (အထက ခွဲ) မှ ရမှတ် ၅၃၃ မှတ်ဖြင့် ဒုတိယရသည့် မရွှေစင်လင်း၊ စစ်တွေအထက(၂) မှ ရမှတ် ၅၃၃ မှတ်ဖြင့် ဒုတိယရ သည့်မောင်ဇော်လူထက်၊ စစ်တွေ မင်းဂံ အထကမှ ရမှတ် ၅၂၉ မှတ်ဖြင့် တတိယရသည့် မမေသျှင်စိုး၊ စစ်တွေ အထက (၂) မှ ရမှတ် ၅၂၇ မှတ်ဖြင့် စတုတ္ထရသည့် မောင်အောင်မြတ်သိန်းနှင့် စစ်တွေ အထက(၂) မှ ရမှတ် ၅၂၆ မှတ်ဖြင့် ပဉ္စမရသည့် မောင်အုပ်စိုးကျော်တို့ဖြစ်ကြသည်။

“ အဆင့် ၁ ကနေ အဆင့် ၅ အထိ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ကျောင်းသူကျောင်းသားတွေကို ရွေးချယ်ချီးမြှင့်တာပါ။ အမှတ်တူ ဒုတိယနေရာမှ ရမှတ် ၅၃၃ နဲ့ ကျောင်းသား နှစ်ဦးရှိတော့ စုစုပေါင်း ကျောင်းသား ၆ ဦးကို ချီးမြှင့်ဖို့ စီစဉ်တာပါ” ဟု သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၇ ရက်နေ့ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ မြေပုံမြို့ မြို့တော်ခန်းမ၌ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ရခိုင်ကနေ ထူးချွန်သောကျောင်းသားကျောင်းသူတွေကို ကျွန်တော်တို့ အဖွဲ့အနေနဲ့ နှစ်စဉ် ချီးမြှင့် ဂုဏ်ပြုနေတာပါ။ ခုလို ဂုဏ်ပြု ဆုချီးမြှင့်ရတဲ့ ဝမ်းသာသလို သူတို့လို ထူးချွန်ထက်မြက်တဲ့ ကျောင်းသားကောင်းတွေ ပေါ်ထွက်လာစေချင်တဲ့ ဆန္ဒနဲ့ ခုလို ဂုဏ်ပြုဆု ချီးမြှင့်ရတာ ဖြစ်ပါတယ်”ဟု ကိုအမ်းသားကြီးက ပြောသည်။

ထူးချွန်စာ အောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား တစ်ဦးလျှင် ရွှေကျပ်ခွဲနှင့် ရမှတ်အလိုက် ဆုဖလားကိုချီးမြှင့်သွားမည်ဟု သိရသည်။

တက္ကသိုလ်ဝင်တန်းကို ထူးချွန်အောင်မြင်သော ကျောင်းသားများအား သင်္ဂဟကမ်းလက် ရက္ခိတ အဖွဲ့မှ ဆုချီးမြှင့်လာသည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် ၅ ကြိမ်ရှိပြီ ဖြစ်ကြောင်းသိရသည်။

ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်နယ်မှ ကျောင်းသား ကျောင်းသူစုစုပေါင်း ၄၀၁၈၀ ဦးဖြေဆိုခဲ့ ပြီးယင်းအထဲမှအောင်မြင်သူ ၈၆၂၀ ဦးရှိသည်။ ရခိုင်မှ ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူ ၁၄၂၄ ဦး၊ ၆ ဘာသာဂုဏ်ထူးရှင် ၁၇ ရှိခဲ့ပြီး ရခိုင်၏ အောင်ချက် ရာခိုင်နှုန်း ၂၁ ဒသမ ၄၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။