English News
  •   ရှမ်းမြောက် တရုတ်နယ်စပ်တွင် ၂၀-၁၁-၂၀၁၆နေ့ကမြောက်ပိုင်းမဟာမိတ်အဖွဲ့တိုက်ခိုက်၍ ၉ ဦးသေ၊ ၂၉ ဦးဒဏ်ရာရ။

ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်းအခမ်းအနားကို သမိုင်းဝင်မဟာမုနိဘုရားအနီးတွင် ကျင်းပရန် ပြင်ဆင်

စံမောင်သန်း( မဟာမုနိ)
နိရဉ္စရာ၊ ဒီဇင်ဘာ ၃၀

15822537_1387583437920396_4578184347764554467_n

ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျရောက်မည့် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်းနေ့ အခမ်းအနားကို ကျောက်တော်မြို့နယ်ရှိ သမိုင်းဝင် မဟာမုနိဘုရား အရှေ့ဘက်မုဒ် အနီး ပန်းခြံတွင် ကျင်းပရန် ပြင်ဆင်မှုများကို ပြုလုပ်နေပြီ ဖြစ်သည်။

(၂၃၂) နှစ်မြောက် ရခိုင် ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာ ကျဆုံးသည့် အခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်ယောင်းချေက ကျင်းပရန် ပြင်ဆင်နေပုံကို နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ဒီပွဲကို ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်က ကျေးရွာ ၅၃ ရွာက ပူးပေါင်း ကျင်းပတာ ဖြစ်ပါတယ်။ ဒီပွဲကို ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်က လူတွေသာမကပဲ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မင်းပြားနဲ့ ပလက်ဝမြို့နယ်က လူတွေနဲ့ ပြည်မကတောင် လူတွေလည်း ပါဝင်ကြမှာ ဖြစ်တဲ့ အတွက် လူပေါင်း သာင်းချီ တက်ရောက်ကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်ယောင်းချေက ပြောသည်။

ယင်းသို့ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပရန် စီစဉ်ထားသဖြင့် ယခု အခမ်းအနားမှာ ရခိုင်ပြည်နယ် တစ်ခုလုံးကို ကိုယ်စားပြုသည့် ပွဲတစ်ခုအဖြစ်လည်း သတ်မှတ်နိုင်ကြောင်း ၄င်းကပြောသည်။

“ဒီပွဲ စည်ကားမှာက မဟာမြတ်မုနိ ဘုရားတန်ခိုးတော် ကြောင့်လည်း ပါပါတယ်။ ဒီလို စည်ကား လာအောင် ဝိုင်းဝန်း လုပ်ဆောင်ကြတဲ့ ကော်မတီဝင်တွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ကျင်းပရေးကော်မတီဥက္ကဋ္ဌ က ဆက်ပြောသည်။

ယခု ကျင်းပမည့် အခမ်းအနားစင်မြင့် ဆောက်လုပ်ရန် ၁၄ ရက်ခန့် အချိန်ယူ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ယခု ရခိုင်ဘုရင့်နိုင်ငံတော် အခမ်းအနားကို ကျင်းပပြုလုပ်မည့် နေရာသည် သမိုင်းဝင် နေရာ ဖြစ်သည်သာမက မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ် အမရပူရသို့ မယူဆောင်မီ ကိန်းဝပ် စံပယ်ခဲ့ရာ နေရာလည်း ဖြစ်ကြောင်း သိရှိရသည်။