English News

ရခိုင်မီဒီယာသမား ကိုကျော်လင်း(ရောင်စုံ) စစ်တွေတွင် အထိုးခံရ

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂ဝ

25550395_1769926646352738_8613032142315425010_n

ရခိုင်မီဒီယာသမားတစ်ဦးဖြစ်သူ ကိုကျော်လင်း(ရောင်စုံ)သည် ဒီဇင်ဘာလ ၂ဝ ရက်နေ့ မွန်းလွဲပိုင်းက စစ်တွေတွင် အထိုးခံလိုက်ရသည်။

သူသည် ယင်းနေ့၊ မွန်းလွဲ ၁၂ နာရီအချိန်က စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ သူ၏ နေအိမ်မှ မြို့တွင်းသို့ သူငယ်ချင်းဖြစ်သူ၏ဆိုင်ကယ်နောက်မှထိုင်၍ ပြန်လာစဉ် အဝေးပြေး ကားဂိတ်အနီး၊ ဝေသာလီ ရင်ပြင် ရှေ့တွင် အမည်မသိ မော်တော်ဆိုင်ကယ်စီးသူ ၂ ဦး၏ ချွန်ထက်သောအရာဖြင့် အထိုးခံခဲ့ရခြင်းဖြစ်သည်။

“ထိုးတုန်းက ထုံကျဉ်နေတော့ ပထမတော့ သူငယ်ချင်းတွေ စတယ်ထင်တယ်။ ထိုးသူတွေကို မမှတ်မိလိုက်ဘူး။ ဆံပင်တော့ နည်းနည်းကောက်ကောက်နဲ့ မြင်မိလိုက်တယ်”ဟု ကိုကျော်လင်း (ရောင်စုံ)ကပြောသည်။

အထိုးခံရ၍ ကျောကုန်း၏ ဘေးတစ်ဘက်တစ်ချက်တွင် ထိုးသွင်းဒဏ်ရာ ၂ ချက်ရရှိသွားသည်။

ကိုကျော်လင်း (ရောင်စုံ)သည် ရခိုင်လူငယ်သတင်းသမားတစ်ဦးလည်းဖြစ်သလို ဒီဘွီဗီ သတင်းဌာနတွင် ကျော်လင်း (ရောင်စုံ)ကလောင်အမည်ဖြင့် ဝေဖန်ရေးဆောင်းပါးများ ရေးသားနေသူတစ်ဦးလည်း ဖြစ်သည်။

လက်ရှိတွင် ကိုကျော်လင်းသည် စစ်တွေမြို့ ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင်တွင် အရေးပေါ်လူနာအဖြစ် ကုသခံယူလျက်ရှိသည်။

ကိုကျော်လင်း သတင်း နောက်ဆက်တွဲ ယခုကိစ္စနှင့် ပတ်သက်ပြီး စစ်တွေမြို့မရဲခစန်းမှ တာဝန်ရှိသူတစ်ဦးက ကိုကျော်လင်းဓားထိုးခံရခြင်းကို အတည်ပြုပြီး ကိုကျော်လင်း အနေဖြင့် ကျူးလွန်သူကိုမမှတ်မိလိုက်၍ အမှုတည်ဆောက်ရန် ခက်ခဲနေသည်ဟု ဆိုသည်။