Advertising
English News

ရခိုင်မျိုးစောင့်အဖွဲ့မှ စီစဉ်သည့် ရန်ကုန်-မောင်တော ဘုရားဖူးအဖွဲ့ကို ဒေသခံများ လိုက်လှဲစွာကြိုဆို

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇန်န၀ါရီ ၎

26219700_1784281478250588_2104864716764107513_n

ရန်ကုန်မြို့မှ မောင်တောမြို့သို့ ပထမဆုံး အကြိမ် ရောက်ရှိလာသည့် ဘုရားဖူးအဖွဲ့ကို မောင်တော ဒေသခံများက လိုက်လှဲစွာ ကြိုဆိုခဲ့ကြသည်ဟု သတင်းရရှိသည်။

ရက္ခိုင်မျိုးစောင့်အဖွဲ့ (ARG) စီစဉ်သည့် ရန်ကုန်-မောင်တော ဘုရားဖူးအဖွဲ့ မောင်တောမြို့သို့ ရောက်ရှိလာရာ နံသာတောင်ပရဟိတကျောင်းမှ ကျောင်းသူကျောင်းသားများ၊ ဆရာ ဆရာမများနှင့် မောင်တောမြို့သူ မြို့သား ၅၀၀ ခန့်က မောင်တောမြို့ မြို့မကျောင်း၌ ဆီမီထွန်း၍ ကြိုဆိုခဲ့ကြသည်။

အဆိုပါ ဘုရားဖူးအဖွဲ့သည် ရန်ကုန်မြို့မှ ၂၀၁၇ ဒီဇင်ဘာလ ၃၀ ရက်နေ့က ထွက်ခွာလာရာ မြောက်ဦးမြို့ရှိ ဘုရားများ၊ ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားကို ဖူးမျှော်ပြီးနောက် မောင်တောမြို့သို့ ရောက်ရှိလာစဉ် ဇန်န၀ါရီလ၂ ရက်နေ့ ည ၈ နာရီခန့်တွင် ယင်းသို့ ကြိုဆိုခဲ့ကြခြင်းဖြစ်သည်။

“ကိုယ့်ဒေသကို ရန်ကုန်မြို့ကနေပြီးတော့ ဆွေတူမျိုးတူတွေက တကူးတက လာရောက်တဲ့ အတွက် အခုလိုမျိုး ကြိုဆိုရတာဖြစ်ပါတယ်။ အခုလိုမျိုး မောင်တောအဖြစ်အပျက်တွေကို မျက်မြင် ကြည့်ရှုခွင့်ရရှိကြပြီး မောင်တောမြို့နယ်မှာရှိတဲ့ ဓါတ်တော်တွေကို လာရောက်ဖူးမျှော် ကြတဲ့ အပေါ်မှာလည်း သိပ်ပြီးတော့ ၀မ်းသာပီတိ ဖြစ်မိပါတယ်”ဟု နံသာတောင် ပရဟိကျောင်းကို ဦးဆောင်ဦးရွက် လုပ်နေသည့် ဆရာတော် ဦးစာရဏက နိရဉ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

ဘုရားဖူးလာရောက်ကြသူများအနေဖြင့် မောင်တောဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရန် လာရောက် ကြည့်ရှုမှုကို မြင်တွေ့ရမှုအပေါ်တွင်လည်း ၀မ်းသားမိသည်ဟု ဆရာတော်က မိန့်ကြားသည်။

ရန်ကုန်-မောင်တော ဘုရားဖူးအဖွဲ့တွင် လူပေါင်း ၃၀ ခန့်လိုက်ပါလာပြီး ရသေ့တောင်မြို့နယ် အငူမော်မှ မောင်တောမြို့သို့ ခက်ခက်ခဲခဲ လာခဲ့ရသည်ဟု သိရသည်။

“မိုးရွာတော့ ရန်ကုန်က ပါလာတဲ့ကားဟာ အငူမော်ကနေ မောင်တောကို သွားလို့မရတော့ဘူး။ ခရီးသည်တွေအနေနဲ့ လမ်းဆိုးတဲ့အပိုင်းကို ခြေလျင် ဖြတ်ကျော်ပြီး၊ မောင်တောက ကားတစ်စီးနဲ့ လာကြိုခဲ့ရပါတယ်။ ဒီလို အခက်အခဲနဲ့ ဖြတ်ကျော်ခဲ့ရပေမယ့် ခရီးသည်တွေအားလုံး အားရကျေနပ်မှု ရှိကြပါတယ်”ဟု ခရီးစဉ်ကို စီစဉ်သူ ARG ဥက္ကဋ္ဌ ဦးဘအေးက ပြောသည်။

ယခုခရီးစဉ်တွင် ရခိုင်တိုင်းရင်းသားများသာမက ဧရာဝတီတိုင်း ဒေသကြီးမှ မြန်မာလူမျိုး ၂ ဦးနှင့် တနင်္သာရီတိုင်း ဒေသကြီးမှ မြန်မာလူမျိုးတစ်ဦးလည်း လိုက်ပါလာခဲ့ပြီး ခရီးစဉ်အတွင်း အခက်အခဲများရှိခဲ့သော်လည်း မောင်တောမြောက်ပိုင်းအထိ သွားရောက်နိုင်ခဲ့ကာ အောင်မြင်မှု ရရှိခဲ့သည်ဟု ဆိုသည်။

ယင်းအပြင် လှိုင်သာယာနှင့် ရွှေပြည်သာမှ လူငယ်အဖွဲ့များမှ အဖွဲ့ဝင်များကိုလည်း မောင်တောသို့ လေ့လာရန် ခေါ်ယူခဲ့သည်ဟု ဦးဘအေးကပြောသည်။

“ရန်ကုန်ကနေ မောင်တောကို ဒီလိုမျိုး လာတယ်ဆိုတာ တစ်ခါမှ မရှိဖူးဘူး။ မောင်တောမြို့သူ မြို့သားတွေလည်း တော်တော် ၀မ်းသာကြပြီး နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ ကြိုဆိုတဲ့သူတွေ တောင်းဆိုတဲ့အတွက် ကျနော်တို့နဲ့ အတူပါလာတဲ့ အဆိုတော် ကိုသန်းမောင်လည်း ရခိုင်သီချင်းတွေ သီဆို ဖြေဖျော်ခဲ့ရပါတယ်”ဟု ၄င်းကပြောသည်။

ယခုကဲ့သို့ ရန်ကုန်-မောင်တော ခရီးစဉ်ကို နောက်ထပ်သွားချင်သည့် သူများရှိပါက ARG မှ စီစဉ်ပေးသွားမည်ဟု ဆိုသည်။

ရခိုင်မျိုးစောင့်အဖွဲ့ ARG သည် ပြည်တွင်းတွင် မှတ်ပုံတင်ထားသည့် လူမှုရေး ဆောင်ရွက်နေသည့် အဖွဲ့တစ်ခု ဖြစ်သလို မောင်တောဒေသ ဖွံ့ဖြိုးရေးအတွက် အဓိက လုပ်ဆောင်နေသည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။