English News

ရခိုင်ရှိမွတ်ဆလင်ဒုက္ခသည်စခန်းများပိတ်သိမ်း ပြန်လည်နေရာချထားရေး ရခိုင်နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်သင့်ဟုဆို

နိရဉ္စရာ၊ ဇန်န၀ါရီ ၎

26165978_1784769551535114_5794981556288014442_n

လက်ရှိ NLD အစိုးရမှ ရခိုင်ပြည်နယ်ရှိ မူဆလင် ဒုက္ခသည်စခန်းများအား ပိတ်သိမ်းပြီး နေရာပြန်လည် ချထားရေးနှင့် ပတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီများ၊ ရခိုင်လွှတ်တော်ကိုယ်စားလှယ်များ၊ CSO ရခိုင်လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း ရခိုင်အမျိုးသားပါတီ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားလိုက်သည်။

ထိုသို့မဆွေးနွေးပါက မူဆလင် ဒုက္ခသည်စခန်းများအား ပိတ်သိမ်းပြီး နေရာပြန်လည် ချထားရေး၊ လွတ်လပ်စွာသွားလာခွင့်ရရှိရေး ကိစ္စများမှာ အခက်အခဲကျရောက် ဖြစ်ပေါ်နိုင်သည်ဟု သူမက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ အခု သူတို့က ဒုက္ခသည်စခန်းတွေကို ဖျက်သိမ်းပြီး ပြန်လည် နေရာချထားရေးကို ဆောင်ရွက်မယ်လို့ သိရတယ်။ ဒီလို လုပ်မယ်ဆိုရင် ဒေသခံ ရခိုင်နိုင်ငံရေး ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရခိုင်လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လိုတယ်။ မဟုတ်ရင်တော့ အကျိုးထက် အပြစ်များနိုင်ပါတယ်” ဟု သူမက ပြောဆိုသည်။

လက်ရှိ အစိုးရသည် ဒီမိုကရေစီ အရပ်သား အစိုးရ တစ်ရပ်ဖြစ်သော်လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် မူဆလင် ဘင်္ဂလီ အရေးနှင့် ပတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် ပွင့်ပွင့်လင်းလင်းညှိနိုင်းတိုင်ပင်ခြင်းလုံးဝ မရှိကြောင်း၊ တစ်ဘက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်ကို ရောက်ရှိသွားသူများကို ပြန်လည်လက်ခံရန် စီစဉ်ရာတွင်လည်း ရခိုင်နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနိုင်တိုင်ပင်ခြင်း မရှိကြောင်း၊ ယခုတစ်ဖန် ဘင်္ဂလီ ဒုက္ခသည်စခန်းများအား ဖျက်သိမ်းပြီးနေရာချထားရေး ဆောင်ရွက်ရာတွင်လည်း တစ်စုံတစ်ရာ ဆွေးနွေးတိုင်ပင် အသိပေးခြင်း မရှိကြောင်း၊ ထိုသို့ တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ဆောင်ရွက်သဖြင့် ယခု လုပ်ငန်းများမှာ အောင်မြင်နိုင်မည်ဟု မထင်ကြောင်း၊ ပို၍သာ ပြသနာ ကြီးထွားလာနိုင်သည်ဟု ယူဆကြောင်း သူမက ပြောကြားသည်။

လက်ရှိ အစိုးရသည် စစ်တွေနှင့် မြေပုံရှိ မူဆလင် ဒုက္ခသည်စခန်းများအား ပိတ်သိမ်းပြီး ပြန်လည် နေရာချထားနိုင်ရေးနှင့် လွတ်လပ်စွာ ခရီးသွားလာခွင့် ရရှိရေးတို့ အတွက် စခန်းကော်မတီများနှင့် တွေ့ဆုံဆွေးနွေးနေသည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးအား ကိုးကားပြီး ဘီဘီစီ (မြန်မာပိုင်း) အပါအ၀င် သတင်းမီဒီယာများတွင် သတင်းဖော်ပြထားသည်။

“ ဘယ်သူတွေ ဘယ်လိုဘဲတောင်းတောင်း ရခိုင်တွေနဲ့ ဘင်္ဂလီလူမျိုးတွေ အတူ ယှဉ်တွဲ နေထိုင်ရေးက လုံးဝ မဖြစ်နိုင်ဘူး။ အတူနေထိုင်ဖို့ လုပ်ဆောင်မယ်ဆိုရင်လည်း တစ်နှစ်မကြာဘူး။ တစ်လ နှစ်လအတွင်းမှာ ပဋိပက္ခတွေ ပြန်လည် ပေါ်ပေါက်လာနိုင်တယ်။ ပိုပြီးတော့ ပြသနာ ကြီးထွားနိုင်တယ်” ဟု သူမက ပြောဆိုသည်။

ရခိုင်ကိစ္စကို အစိုးရအနေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းလိုပါက ရခိုင်နိုင်ငံရေး ပါတီများ၊ ရခိုင် လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် မဖြစ်မနေ တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း သူမက ပြောဆိုသည်။

လက်ရှိ အစိုးရသည် ရခိုင်အရေးကို ဖြေရှင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရာတွင် ဒေသခံ ရခိုင်နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် ရခိုင်ပြည်သူများနှင့် အသိပေးခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း တစ်စုံတစ်ရာ မရှိဘဲ ဆောင်ရွက်နေသဖြင့် ၎င်းကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်မှုများလည်း ထွက်ပေါ်လျှက်ရှိနေသည်ဟု သိရှိရသည်။