Advertising
English News

ရခိုင်လူမှုအဖွဲ့အစည်းများ ကရင်ပြည်နယ် ရေဘေးသွားရောက်ကူညီလှူဒါန်း

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ သြဂုတ် ၅

38478688_2037273136284753_3506625314379792384_n

ရခိုင်လူမှု အဖွဲ့အစည်း ၂ ခုတို့သည် ယခုအခါ ကရင်ပြည်နယ်သို့ ကိုယ်တိုင်သွားရောက်ပြီး ရေဘေး အကူအညီများ ပေးအပ်လှူဒါန်းနေကြောင်း သတင်းရရှိသည်။

၎င်းအဖွဲ့နှစ်ခုမှာ ရန်ကုန်မြို့တွင် များမကြာမီက ဖွဲ့စည်းခဲ့သည့် ရခိုင်မျိုးချစ် ညီအစ်ကိုများအဖွဲ့ (ယာယီ) နှင့် သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ တို့ဖြစ်ကြသည်။

၎င်းတို့ နှစ်ဖွဲ့ပူးပေါင်းကာ လက်ရှိ အချိန်ထိ ရေပြည့်နေပြီး သွားလာရခက်ခဲနေသည့် ဒေသများသို့ ကိုယ်တိုင် သွားရောက် ကူညီလှူဒါန်း နေကြခြင်း ဖြစ်သည်။

38612206_2037273716284695_8572839535535194112_n

ထိုသို့ လှူဒါန်းရာတွင် သြဂုတ် ၅ ရက်နေ့က လှိုင်းဘွဲ့မြို့နယ်၊ ကော့ဇာကျွန်းရှိ ကျေးရွာ ၁၅ ရွာ အတွက် ဆန်အိတ် ၄၆၈ အိတ်၊ ဆား ၁၆၀၅ ပိဿာ၊ ကြက်သွန် ပိဿာ ၁၆၀၀ ကျော်၊ ဆီပိဿာ ၁၀၀၀ ကျော်၊ ခေါက်ဆွဲထုပ် ၈၂၀၀ ထုပ်၊ ပဲ ၅၅၀ ပိဿာ၊ သောက်ရေသန့် ၅၅၀ ကဒ် ၊ အချိုမုန့်နှင့် ငွေသား ကျပ်သိန်း ၂၀ ရှိပြီး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော်ဖိုး လှူဒါန်းခဲ့သည်ဟု သိရသည်။

“တိုင်းရင်းသား ညီအစ်ကို အချင်းချင်း စည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်ပြီး ပြည်ထောင်စု စိတ်ဓာတ်ရှိတယ် ဆိုတာကို လက်တွေ့ဖော်ဆောင်တဲ့အနေနဲ့ ဒုက္ခရောက်နေတဲ့ ညီအကို တိုင်းရင်းသားတွေကို သွားရောက် အကူအညီ ပေးခဲ့တာပါ”ဟု သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်တိုင်းရင်းသားများက ယခုကဲ့သို့ အဝေးတစ်နေရာမှ ကိုယ်တိုင်သွားရောက် ကူညီခြင်းအပေါ် ကရင်ပြည်သူများအနေဖြင့် အထူး ၀မ်းသာပီတိ ဖြစ်ကြသည်ဟု သိရသည်။

38444828_2037273899618010_8270550747876163584_n

“ဒီလိုမျိုး ကျနော်တို့ တိုင်းရင်းသား ညီအကိုတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကျနော်တို့ ရခိုင် လူမျိုးတွေ အနေနဲ့ တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒုက္ခရောက်နေခဲ့ကြတဲ့အချိန်မှာ ကျနော်တို့ ညီအကို တိုင်းရင်းသားတွေအနေနဲ့လည်း ကျနော်တို့ကို အများကြီး အကူအညီတွေ ပေးခဲ့ကြပါတယ်”ဟု အကူအညီသွားပေးရာတွင် ပါဝင်သူတစ်ဦးဖြစ်သူ ဦးသိန်းကျော်ကပြောသည်။

ယခုလက်ရှိ အချိန်အထိ ရေဘေးသင့်ပြည်သူများအနေဖြင့် အခြေခံ စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေသေးသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။