Advertising
English News

ရခိုင်အများပိုင် RDCကုမ္ပဏီမှ အမြတ်ဝေစု ၅ရာခိုင်နှုန်းထိ အစုရှယ်ယာများဝင်များကို တိုးမြှင့်ပေးနိုင်

နိရဉ္စရာ၊ စက်တင်ဘာ ၃၀

42851580_2115702768441789_6965106691071279104_n

ရခိုင်အများပိုင် ကုမ္ပဏီဟု လူသိများသော ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းလီမီတက် ( Rakhine Development Cooperation Limited- RDC) သည် ယခုနှစ်တွင်း အစုရှယ်ယာဝင်များ၏ အစုရှယ်ယာတစ်စုကို အမြတ်ဝေစု ၅ ရာခိုင်နှုန်းထိ တိုးမြှင့်ပေးနိုင်ခဲ့သည်ဟု သိရသည်။

ထိုသို့ ၅ ရာခိုင်နူန်းထိ တိုးမြှင့် ပေးနိုင်ခဲ့ကြောင်းကို စက်တင်ဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့ တက္ကသိုလ် လိုင်နယ်မြေရှိ MICT Park ခန်းမတွင် ပြုလုပ်သော (၅) ကြိမ်မြောက် RDC အသင်းသူ အသင်းသားများ၏ နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာကို ဖတ်ကြားစဉ် ဦးဦးမြင့်ကျော်က ပြောကြားသွားခြင်း ဖြစ်သည်။

“ ကျွန်တော်တို့အနေနဲ့ အသင်းကို ၂၀၁၃ ခုနှစ်က စတင်တည်ထောင်လာခဲ့ပါတယ်။ ပထမ ၂ နှစ်တာကာလအတွင်း အမြတ်ဝေစု တစ်ပြားမှ မပေးနိုင်ခဲ့ပေမယ့် နောက်သုံးနှစ်မှာ အမြတ်ဝေစုတွေ ပေးနိုင်ခဲ့ပါတယ်။ အစုရှယ်ယာ တစ်ခုကို ၃ ရာခိုင်နှုန်းစီ အရင် ၂ နှစ်က တိုးမြှင့် ပေးလာနိုင်ရာကနေ ဒီနှစ်မှာ ၅ ရာခိုင်နှုန်းထိ တိုးမြှင့် ပေးလာနိုင်ခဲ့ပါတယ်။ ဒါဟာ အသင်းရဲ့ တိုးတက် အောင်မြင်မှုလို့ ပြောလို့ရပါတယ်” ဟု ဦးဦးမြင့်ကျော်က ပြောကြားသည်။

အခမ်းအနားတွင် RDC ၏ ငွေစာရင်းရှင်းတန်းအား ဒုဥက္ကဋ္ဌ ဦးစိုဝင်းမှ ဖတ်ကြားတင်သွင်း သွားခဲ့သည်။

အသင်းကို စတင်တည်ထောင်စဉ် အစုရှယ်ယာဝင် ၁၄၂ ဦး၏ ထည့်ဝင်ငွေ ကျပ်ငွေ ၇၇၄၀၃၀၀၀၀ (သိန်းပေါင်းခုနှစ်ထောင်ကျော်)ဖြင့် မတည်ခဲ့ပြီး ယခုအခါ အသင်းသားဦးရေမှာ ၂၂၀ ထိ တိုးများလာကာ ပိုင်ဆိုင်မှု ငွေပမာဏမှာလည်း ၂၀၁၇ မတ်လ ၃၁ ရက်နေ့ထိ ကျပ် ၈၃၇၁၇၂၆၁၅ ထိ တိုးပွားလာခဲ့သည်ဟု သိရသည်။

အခမ်းအနားတွင် အဖွဲ့၏ နာယက MICT ၏ CEO ဆရာကြီး ဦးသိန်းဦးမှာ အဖွင့်စကား ပြောကြားသည်။

ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းလီမီတက်တွင် Rakhine Development ဆိုသော စကားပါသဖြင့် သာမန် အစုအဖွဲ့ ကုမ္ပဏီများနှင့် မတူသည်ကို သတိပြုကြစေလိုကြောင်း၊ ဆင်းရဲနိမ့်ကျနေသော ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးဟု ပါရှိသဖြင့် ရည်ရွယ်ချက်အတိုင်း ပေါက်မြောက်အောင်မြင်ရန် ညီညီညွတ်ညွတ်ဖြင့် ကြိုးစားကြစေလိုကြောင်း၊ ရခိုင်ဖွံ့ဖြိုးရေး ကော်ပိုရေးရှင်းလီမီတက်တွင် ပါဝင်နေသော ဘုတ်ဒါရိုက်တာများမှာ စီးပွားရေး အောင်မြင်နေကြသူများ ဖြစ်သဖြင့် ဤအဖွဲ့အစည်း အောင်မြင်မှုရရှိလိမ့်မည်ဟုလည်း မိမိယုံကြည်ပါကြောင်း၊ အဖွဲ့၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရန်ဟုဆိုသော်လည်း စီးပွားရေး လုပ်ရာတွင် ပြည်နယ် တစ်ခုတွင် လုပ်မည်ဟု ကန့်သတ်ချက်မျိုး မထားစေလိုကြောင်း၊ မြန်မာတစ်နိုင်ငံလုံးသာမက ကမ္ဘာနှင့်ပါ ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စီးပွားရေးကောင်းမွန်ပါမှ ရခိုင်ပြည်နယ်၏ ပညာရေး၊ ကျန်းမာရေး တိုးတက်လာမည် ဖြစ်ပြီး ငြိမ်းချမ်းရေးကိုလည်း ဆောင်ကြဉ်းလာနိုင်မည်ဟု ယုံကြည် မျှော်လင့်ပါကြောင်း ဆရာကြီးဦးသိန်းဦးက ထည့်သွင်း ပြောကြားသွားသည်။

ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြဟန်မှ အသင်းသူ အသင်းသားများကို နုတ်ခွန်းဆက်စကား ပြောကြားပြီး အသင်း၏ အခက်အခဲများကို ကျော်လွှား အောင်မြင်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ရမှုများ၊ ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ပြောကြားသွားခဲ့သည်။

အသင်းအနေဖြင့် ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ကုန်လမ်းပို့ဆောင်ရေးလုပ်ငန်းပိုင် မြေဧရိယာ ၄ ဧကို နှစ်ပေါင်း (၇၀) ထိ နှစ်ရှည် ငှားရမ်းထားပြီး နိုင်ငံခြား ဧည့်သည်များ တည်းခိုနေထိုင်နိုင်ရန် Guest House တစ်ခု အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် စီစဉ်နေကြောင်း၊ ရန်ကုန်ပြည်လမ်းရှိ အုတ်ဖိုမြို့နယ်တွင် မြေဧရိယာ ၄ ဧကကို ကျပ် ၁၈၂ သိန်းဖြင့် ၀ယ်ယူထားပြီး ရင်းနှီးမြုပ်နှံမှု လုပ်ဆောင်ရန် စီစဉ်နေကြောင်း ပြောကြားသွားသည်။

၎င်းပြင် အသင်းအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်း ဓာတ်အားခွဲ စက်ရုံတစ်ခုကို တည်ဆောက်ခဲ့ကြောင်း၊ ပလက်ဝ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း တည်ဆောက်ခြင်း၊ ပုဏ္ဍားကျွန်းစက်မှု သင်တန်းကျောင်း ဆောက်လုပ်ခြင်း၊ ကျောက်တော်မြို့နယ် အတွင်း မြေသားလမ်းဖောက်လုပ်ခြင်း၊ အမ်းမြို့နယ် ဓာတ်အားဖြန့်ဖြူးရေး အတွက် လျှပ်စစ်ဓာတ်အားလိုင်း၊ ဓာတ်အားခွဲစက်ရုံများ တည်ဆောက်ခြင်း၊ မြောက်ဦးမြို့ မိုးလုံလေလုံ အားကစားရုံတည်ဆောက်ခြင်း၊ မင်းပြားမြို့နယ်တွင် လျှပ်စစ် ဓာတ်အားလိုင်း တည်ဆောက်ခြင်းတို့ကို ကန်ထရိုက်ယူ အောင်မြင်စွာ တည်ဆောက် ပေးခဲ့သည်ဟု သိရသည်။

စီးပွားရေးအရ ကစ္ဆပအဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းကို ထူထောင်လုပ်ကိုင်နေဆောင်ရွက်နေကြောင်း သိရသည်။

RDC အနေဖြင့် အစုရှယ်ယာ တစ်စုကို ကျပ် တစ်သောင်းနှုန်းဖြင့် ရောင်းချခဲ့သော်လည်း ပြသနာတစ်ချို့ရှိနေသဖြင့် ၎င်းအစုရှယ်ယာ တန်ဖိုးနှင့် ပတ်သက်ပြီးလည်း နောက်လာမည့် ဒါရိုက်တာ ဘုတ်အဖွဲ့တွင် ဆွေးနွေးသွားမည်ဟု သိရသည်။

မြန်မာနိုင်ငံ ကုမ္ပဏီများ၏ အက်ဥပဒေအရ ဒါရိုက်တာ အဖွဲ့ထဲမှ (၅) ဦးနုတ်ထွက်ပြီး ၎င်းနေရာများကိုလည်း ယမန်နေ့ အခမ်းအနားတွင် ရွေးချယ်တင်မြောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ ရင်နှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေး ဦးစီးဌာနမှ အများပြည်သူသို့ အစရှယ်ယာ ရောင်းချခွင့်ရှိသည့် အများပိုင် ကုမ္ပဏီ (၅၅) ခု စာရင်းကို ပထမအကြိမ် ထုတ်ပြန်ခဲ့ရာ ရခိုင်ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းလီမီတက် ( Rakhine Development Cooperation Limited- RDC) သည် အမှတ်စဉ် (၂၄) ဖြင့် တရားဝင် သတ်မှတ်ခံရသည့် ကုမ္ပဏီဖြစ်ကြောင်း သိရှိရသည်။