Advertising
English News

ရခိုင်အမျိုးသားပါတီ အစည်းအဝေး စတင်ကျင်းပ

နိရဉ္စရာ၊ ၄ ဇန်န၀ါရီ ၂၀၁၈

26167499_1784295914915811_1268210873658926544_n

ရခိုင်အမျိုးသားပါတီ (ANP) ၏ လေးရက်ကြာကျင်းပမည့် ဗဟိုအမှုဆောင်နှင့် ဗဟို ကော်မတီ ၀င်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ကိုယ်စားလှယ်များ၏ အစည်းအဝေးကို ယနေ့ စတင်ကျင်းပနေသည်ဟု သိရသည်။

အစည်းအဝေးသို့ ဗဟိုအမှုဆောင်နှင့် ဗဟို ကော်မတီ ၀င်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ မြို့နယ် ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ကိုယ်စားလှယ်များ အပါအ၀င် လူပေါင်း ၁၀၀ ခန့် တက်ရောက်နေကြောင်း သိရသည်။

အစည်းအဝေးကို နံနက် ၉ နာရီ ၁၅ မိနစ်က စတင်ကျင်းပရာ ရခိုင်ပြည်နယ် အလံနှင့် ရခိုင်အမျိုးသားပါတီ အလံတို့အား အလေးပြုကြပြီးနောက် ခေတ်အဆက် ရခိုင်ပြည်နှင့် ရခိုင်လူမျိုး အတွက် ကိုယ်ကျိုးစွန့် အနှစ်နာခံ ဆောင်ရွက်ခဲ့ကြသည့် ကွယ်လွန်သွားသူများအား တစ်မိနစ်ခန့် အောက်မေ့ ဂါရ၀ပြုခဲ့ကြသည်။ ၎င်းနောက် သဘာပတိ အဖြစ် ဆောင်ရွက်သူ ပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယနေ့ ပထမရက်တွင် အစည်းအဝေးတွင် အစည်းအဝေး ခေါ်ယူခြင်းကို ရှင်းလင်းခြင်း၊ မြို့နယ် အသီးသီးမှ အကြံပြုစာတန်းများ တင်သွင်းခြင်း၊လွှတ်တော် အသီးသီးမှ လွှတ်တော်တွင်း ဆောင်ရွက်ချက်များကို အစီရင်ခံစာတင်သွင်းမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

ယခု အစည်းအဝေးကို ဇန်န၀ါရီ ၄ ရက်နေ့မှ ၇ ရက်နေ့ထိ ၄ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ယခုအစည်းအဝေးသည် ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ပါတီမှ နှုတ်ထွက်စာတင်သွင်းပြီးနောက် ပထမဆုံး အကြိမ် ကျင်းပသည့် ပါတီ ထိပ်တန်း အစည်းအဝေး ဖြစ်ကြောင်း သိရှိရသည်။