English News

ရခိုင်အရေး မွန်ပြည်နယ်လူထု ဆန္ဒဖော်ထုတ်မည်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ အောက်တိုဘာ ၇

22279551_1696248907053846_4173252209803008197_n

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်၍ အစွန်းရောက် ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများအား ရှုတ်ချသည့် ဆန္ဒဖော်ထုတ် ပွဲတစ်ရပ်ကို မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အောက်တိုဘာ ၁၅ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

၎င်းဆန္ဒဖော်ထုတ်ပွဲကို မွန်ပြည်နယ် တစ်ခုလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားရန် ယနေ့ အောက်တိုဘာ ၇ ရက်နေ့ တွင် မော်လမြိုင်မြို့တွင် ပြုလုပ်သည့် မွန်ပြည်နယ် မြို့နယ်အားလုံးမှ လူမှုအဖွဲ့အစည်းများ တက်ရောက်သည့် အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ရခိုင်သာရေးနာရေးအသင်း (မော်လမြိုင်) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကိုသျှင်စိုးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ဆန္ဒပြမှာက မော်လမြိုင်၊ ကျိုက်မရော၊ ရေး၊ မုဒုံ၊ အပေါင်၊ ဇင်းကျိုက်၊ သထုံ အပါအ၀င် မွန်ပြည်နယ်ထဲက မြို့နယ်အားလုံးပါပါတယ်၊ ပြည်သူ့ဆန္ဒဖေါ်ထုတ်ပွဲပါ။ ၁၅ ရက်နေ့မှာ မော်လမြိုင်မြို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု ကိုသျှင်စိုးက ပြောသည်။

ဆန္ဒပြပွဲကို မော်လမြိုင်မြို့ရှိ သံလွင်ဥယျာဉ် (သို့မဟုတ်) ကမ်းနားလမ်းတွင် ပြုလုပ်သွားမည်ဟု ဆိုသည်။

“အဓိကကတော့ အစွန်းရောက် အကြမ်းဖက်ဘင်္ဂါလီများရဲ့ လုပ်ရပ်ကို ရှုတ်ချရေးနဲ့ နိုင်ငံတကာ ဖိအားပေးနေတာတွေကို ရှုတ်ချရေးပါ။ ပြီးတော့ ၁၉၈၂ ခုနှစ် ဥပဒေအတိုင်း နိုင်ငံသား စိစစ်ရေးကို အကောင်အထည်ဖေါ် ဆောင်ရွက်ပေးရေးကိုလည်း တောင်းဆိုသွားမှာဖြစ်ပါတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

မွန်ပြည်နယ် မြို့နယ်အားလုံးမှ ဆန္ဒပြပွဲတွင် ပါဝင်မည့်သူများကို အဆိုပါရက် နေ့လယ် ၁ နာရီတွင် သတ်မှတ်ထားသည့် နေရာတွင် စုရုံးပြီး ဆန္ဒဖော်ထုတ်သွားရန် စီစဉ်ထားသည်ဟု ပြောသည်။

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများအား ဆန့်ကျင်ဆန္ဒပြပွဲများကို ရန်ကုန်၊ မန္တလေးတို့အပါအ၀င် မြန်မာနိုင်ငံရှိ မြို့ကြီးအများအပြားတွင်လည်း ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။