Advertising
English News

ရခိုင်အခြေစိုက်သတင်းထောက် အောင်ရမ္မာ(ခ) ရဲမင်းနိုင်ကို ရေဝေးတွင် သဂြိင်္ုလ်

နိရဉ္စရာ၊ ဇူလိုင် ၁

36528573_1980395781972489_744442657031323648_n

ဇွန်လ ၃၀ ရက်နေ့က ကွယ်လွန်သွားခဲ့သည့် ရခိုင်အခြေစိုက် သတင်းထောက် တစ်ဦးဖြစ်သူ အောင်ရမ္မာ(ခ) ဦးရဲမင်းနိုင် (၄၈) နှစ်ကို ယနေ့ ဇူလိုင် ၁ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ ရေဝေး သုဿန်တွင် သဂြိုင်္လ်ခဲ့သည်ဟု သတင်းရရှိသည်။

ကွယ်လွန်သူ အောင်ရမ္မာ(ခ) ဦးရဲမင်းနိုင်သည် Eleven Media တွင် ကျောက်ဖြူ အခြေစိုက် သတင်းထောက် တစ်ဦးဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပြီး လေဖြတ်ခြင်း ခံရပြီးနောက် ဥဏှောက် သွေးကြောပြတ်ကာ သေဆုံးသွားခဲ့သည်ဟု သိရသည်။

အောင်ရမ္မာ(ခ) ဦးရဲမင်းနိုင်သည် မကွယ်လွန်မီ ဇွန် ၂၈ ရက်နေ့က ကျောက်ဖြူမြို့မှနေ သူနေထိုင်ရာ တောင်ကုတ်မြို့ ၀ဲကြီးကျေးရွာသို့ ပြန်လာခဲ့ကြောင်း၊ ဇွန် ၂၈ ရက်နေ့ ညနေတွင် သတင်းတစ်ပုဒ်ရေးသားခဲ့ပြီး ၁၀ နာရီခန့်တွင် အိပ်ရာဝင်ကြောင်း၊ သူက ၁၂ နာရီခန့်တွင် ဘယ်ဘက်လက်တစ်ဖက် မလူပ်နိုင်ဘဲ ဖြစ်နေသည်ဟု ပြောဆိုကြောင်း၊ အစတွင် စကားပြော၍ ရကြောင်း၊ နောက်ပိုင်း စကားပြောရာတွင် လျှာပါ လုံးလာသည့် အတွက် စကားပြော၍ မရတော့သဖြင့် တောင်ကုတ်ဆေးရုံပို့ကြောင်း၊ တောင်ကုတ်ဆေးရုံတွင် ဆေးသွင်းသော်လည်း ပုံမှန်အတိုင်း ဖြစ်မလာဘဲ လူတွေကို မမှတ်မိဘဲ ဖြစ်လာသဖြင့် တောင်ကုတ်ဆေးရုံမှ ရန်ကုန်ဆေးရုံသို့ ဇွန် ၂၉ ရက်နေ့ ညနေ ၃ နာရီတွင် ယူဆောင်လာခဲ့ကြောင်း၊ ဇွန် ၃၀ ရက်နေ့ မိုးလင်းဝါ ၂ နာရီခန့်တွင် ရန်ကုန်ဆေးရုံသို့ရောက်ကြောင်း၊ ဇွန် ၃၀ ရက်နေ့ ည ၈ နာရီတွင် ကွယ်လွန်သွားခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်စိန်ဝင်းကြည်က နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

“ သူက လေဖြတ်တာပါ။ လေဖြတ်ပြီး ဥဏှောက်သွေးကြောပြတ်သွားတယ်လို့ သိရပါတယ်။ သူ့ကို ဇူလှိုင် ၁ ရက်နေ့ ညနေ ၄ နာရီမှာ ရေဝေးသုဿန်မှာ သဂြိင်္ုလ်ခဲ့ပါတယ်” ဟု ဒေါ်စိန်ဝင်းကြည်က ပြောကြားသည်။

အောင်ရမ္မာ(ခ) ဦးရဲမင်းနိုင်သည် တောင်ကုတ်မြို့ ဇာတိဖြစ်ပြီး သူ့တွင် ဇနီး ဒေါ်စိန်ဝင်းကြည်၊ သမီးဖြစ်သူ မလင်းလဲ့လဲ့နိုင် (သူနာပြု တက္ကသိုလ် နောက်ဆုံးနှစ်)နှင့် သားဖြစ်သူ ကျော်မင်းသူ (န၀မတန်း)တို့ ကျန်ရစ်ခဲ့သည်။

“ သူကွယ်လွန်သွားတာကတော့ သတင်းမီဒီယာလောက အတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုပါ။ တောင်ကုတ်နဲ့ ကျောက်ဖြူတို့လို မြို့တွေမှာ သူလို သတင်းတစ်ယောက် နောက်ထပ် ပေါ်ထွန်းဖို့ဆိုတာ အချိန်တိုအတွင်း သိပ်မလွယ်ကူနိုင်ပါဘူး။ ဒီအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုလို့ ပြောလိုပါတယ်” ဟု သူ၏ လုပ်ဖော်ကိုင်ဘက် တစ်ဦးဖြစ်သူ စစ်တွေ အခြေစိုက် Eleven Media မှ ကိုသန်းလှိုင်က ပြောကြားသည်။