Advertising
English News

ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့မှ ရခိုင်ပြည်နယ် မြို့နယ် ၉ ခုတွင် အခမဲ့ အင်္ဂလိပ်စာသင်တန်းများ ပို့ချသင်ကြား

နောင်ခိုင်အောင်
နိရဉ္စရာ၊ မေ ၁၀

32117006_1918414948170573_2259526932297154560_n

ထိုင်းနိုင်ငံတွင် ပညာသင်ယူနေကြသော ရခိုင်ပြည်ဖွား ရဟန်းတော်များစုပေါင်း၍ ဖွဲ့စည်း တည်ထောင်ထားသည့် ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့မှ ရခိုင်မျိုးဆက်သစ် လူငယ်များအား အင်္ဂလိပ်စာအတွေ့အကြုံရရှိစေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်မှ မြို့နယ် ၉ မြို့နယ်တွင် အခမဲ့အင်္ဂလိပ်စာသင်တန်းများ ပို့ချ သင်ကြားပေးနေကြောင်း သိရသည်။

“ဦးဇင်းတို့ ဒီနေရာမှာပညာဒါန လာပြုတယ်။ အင်္ဂလိပ်စာ တစ်ခုတည်း သင်တန်းလာဖွင့်ရတယ် ဆိုတာက အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ အတွေ့အကြုံ တစ်ခုတည်းမဟုတ်ပါ။ သူတို့အတွက်ဘဝမှာ ရှင်သန်ရပ်တည်ဖို့ (သိုမဟုတ်) လူရှေ့သူရှေ့ကို ထွက်ရဲနိုင်မယ်။ နောက်ပြီးတော့ ပရိသက်ရှေ့မှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့ သတ္တိစွမ်းအားတွေ၊ နောက်ပြီးတော့ အဲလိုပုံစံမျိုး အခွင့်အလမ်း တွေကို သူတို့အတွက်ကြောက်စရာမရှိ ဒီဟာတွေကို ငါတို့ဒီဟာတွေဟာ စိန်ခေါ်မှု တစ်ရပ် ဖြစ်တယ်။ ဘာပြဿနာမဆို အဲဒီပြဿနာတွေကို ကျနော်တို့အနေနဲ့ ဖြေရှင်းနိုင်ရမယ်။ ဖြေရှင်း နိုင်စွမ်း ရှိရမယ် ဆိုတာတွေကို သူတို့ကိုယ်တိုင် တည်ဆောက် နိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးဇင်းတို့ လုပ်ဆောင်တဲ့ ကဏ္ဍတွေလည်း အများကြီးရှိပါတယ်။” ဟု ရခိုင်ကျောင်းသား ရဟန်းတော်များ အဖွဲ့မှ သင်တန်းဆရာ ဦးတေဇသီရိက မိန့်ကြားသည်။

ရခိုင်ကျောင်သားရဟန်တော်များအသင်းအနေဖြင့် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာတွင် သင်တန်းသား ၁၂ဝ ကျော်၊ ပေါက်တောမြို့တွင် သင်တန်းသား ၆ဝ ကျော်၊ စစ်တွေတွင် ၅ဝ ကျော်၊ ကျောက်ဖြူမြို့နယ် လိပ်ခမော်တွင် သင်တန်းသား ၁ဝဝ ကျော်ရှိသည့်အပြင် ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်စသည့် မြို့နယ်များတွင် ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် နေမှုများလည်းရှိကြောင်း သိရသည်။

အဆိုပါအဖွဲ့အစည်းသည် ၂ဝဝ၈ ခုနှစ်တွင် ထိုင်းနိုင်ငံတွင် ပညာသင်ယူနေသော ရခိုင်ပြည်ဖွားရဟန်တော်များက စုပေါင်းကာ ရခိုင်ကျောင်းသား ရဟန်တော်များအဖွဲ့(ထိုင်းနိုင်ငံ) အမည်ဖြင့် အဖွဲ့အစည်းတစ်ခု စတင်ဖွဲ့စည်းလာခဲ့ခြင်းဖြစ်သည်။

ရခိုင်ကျောင်းသားရဟန်တော်များအဖွဲ့သည် ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး လူမှုကယ်ဆယ်ရေး အပါအဝင် မျိုးဆက်သစ်လူငယ်များအတွက် အထောက်အကူပြုစေရန် ယခုကဲ့သို့ ပညာရပ်ဆိုင်ရာများကို အခမဲ့သင်ပေးနေကြကြောင်း သိရသည်။