English News

ရခိုင့်အာဇာနည် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဆရာတော်ဦးစိန္တာ အထိမ်းအမှတ် ဂုဏ်ပြုပူဇော်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

စံမောင်သန်း၊ စစ်တွေ

နိရဉ္စရာ၊ ဧပြီ ၁၂

17974943_269553206839272_1883941115_n

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာ ကြာအင်းတောင် ညီလာခံကွင်းပြင်၌ ဧပြီလ ၉ ရက်နေ့က ပြုလုပ်သော ရခိုင့်အာဇာနည် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဆရာတော်ဦးစိန္တာ ဂုဏ်ပြုပူဇော်ပွဲမှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်သည်။

၎င်းအခမ်းအနားသို့ ကမ်းနီဆရာတော်ကြီးအမှူုးပြုသော ရဟန်းတော်များ၊ ရခိုင်တော်လှန်ရေး ခေါင်းဆောင်ဟောင်း ဦးမောင်ဟန်၊ ဆရာတော်ဦးစိန္တာစာအုပ်ကို ရေးသားပြုစုသူ ဦးဘဖြူ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ ရခိုင်လူမျိုး သမိုင်းပညာရှင် ဒေါက်တာအေးချမ်း၊ ဆရာဦးလှစော၊ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦခိုင်ပြည်စိုး၊ ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိန်း၊ ဖိတ်ကြား ထားသူများနှင့် ကြာအင်းတောင်တိုက်နယ်မှ ဒေသခံ ပြည်သူများ စုစုပေါင်း ၄၀၀ ခန့် တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

“သာမန်လူတစ်ဦးဟာ သမိုင်းမှာ နေရာရဖို့မလွယ်ဘူး။ ပြည်သူက အသိအမှတ်ပြုတဲ့ ခေါင်းဆောင်ဖြစ်မှ သမိုင်းမှာမှတ်တမ်းတင်ခံရပြီးတော့ သူရဲကောင်းတွေဖြစ်လာကြပါတယ်။ ဆရာတော် ဦးစိန္တာကို  ရိုးမပေါ်မှ ကြယ်နီ တစ်လုံးလို့တောင် နိုင်းပြီး ဖော်ပြရေးသားတာတွေ တွေ့ခဲ့ရပါတယ်”ဟု သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက ပြောသည်။

 ဆရာတော်ဦးစိန္တာသည် ရခိုင်ပြည်လွတ်လပ်ရေးနှင့် မြန်မာပြည်လွတ်လပ်ရေးအတွက် လက်နက် ကိုင်တိုက်ပွဲ ဆင်နွှဲနိုင်ရန် ဒေါက်တာဘမော် ဦးဆောင်သည့် ဗမာ့ထွက်ရပ်ဂိုဏ်းနှင့် ဆက်သွယ်ခဲ့သည်ဟု ဒေါက်တာအေးချမ်းက ပြောသည်။

“ဗမာ့ထွက်ရပ်ဂိုဏ်းက BIA ကိုဖွဲ့စည်းဖို့ ဂျပန်ကို စစ်ပညာသင်ဖို့ ရဲဘော်သုံးကျိပ်ကို စေလွှတ်တဲ့အခါမှာ ဗမာလူမျိုးတွေကိုပဲ ရွေးပြီးစေလွှတ်ခဲ့ပါတယ်။ အခြားတိုင်းရင်းသား တစ်ဦးတစ်ယောက်မျှ မပါဝင်ခဲ့ပါဘူး။ ဆရာတော်ဦးစိန္တာဟာလည်း ဂျပန်ဆီမှာ သင်တန်းတက်ထားတဲ့ ရခိုင်လူမျိုးတွေနဲ့ ရခိုင်တပ်ဖွဲ့ကို ဖွဲ့စည်းပြီး ဂျပန်နဲ့ အင်္ဂလိပ်တို့ကို တော်လှန်ခဲ့ပါတယ်”ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပုကလည်း “ဒီနေ့အခမ်းအနားဟာ အခြားအခမ်းအနားတွေနဲ့ မတူတဲ့ နိုင်ငံရေးအခမ်းအနားဖြစ်ပါတယ်။ အဖိနှိပ်ခံ ပြည်သူတွေလွတ်မြောက်ရေးအတွက် စွန့်လွှတ် အနစ်နာခံခဲ့တဲ့ နိုင်ငံအတွက် ဦးဆောင်ဦးရွက် လုပ်ခဲ့တဲ့ ဆရာတော် ဦးစိန္တာကို ကျေးဇူးဆပ်ခွင့်ရတဲ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်”ဟု ပြောကြားခဲ့သည်။

ဆရာတော်ကို ကျေးဇူးဆပ်သည့်အနေဖြင့် ဆရာတော်အား ဂုဏ်ပြုပွဲအခမ်းအနားများကို နှစ်စဉ်နှစ်တိုင်း ကျင်းပဖို့ လိုအပ်ကြောင်း၊ အခမ်းအနားပြုလုပ်ရုံဖြင့်လည်း မလုံလောက်ကြောင်းနှင့် ဆရာတော် ချမှတ်ခဲ့သော လမ်းစဉ်များကို ပြည့်စုံပြီးမြောက်အောင် ဆောင်ရွက်နိုင်မှသာ လက်တွေ့ကျကျ ကျေးဇူးဆပ်ရာ ရောက်ပါမည်ဟု ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

ဆရာဦးဦးလှစောမှလည်း ဆရာတော်ကြီးသည် အဓိကအားဖြင့် ကြာအင်းတောင်တိုက်နယ် ကမ်းနီ ဒေသတွင် လယ်သမားများကို အခြေခံပြီး တိုက်ပွဲဝင်ခဲ့သော ဆရာတော် တစ်ပါး ဖြစ်ကြောင်း၊ လယ်သမားများ လယ်ယာမြေ ပိုင်ဆိုင်ရေး၊ အခွန်မပေးရေး စသည့် အချက်များကို ကိုင်စွဲပြီး ဗြိတိသျှ နယ်ချဲ့တို့ကို လုံ့ဆော် တိုက်ပွဲဝင်ခဲ့သည့် ခေါင်းဆောင် ဖြစ်ကြောင်း၊ ယနေ့အချိန်ထိ ကမ်းနီတစ်ရိုးအပါအ၀င်  ရခိုင်လယ်သမားများမှာ ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ခြင်း မရှိသေးကြောင်း၊ ရခိုင်လယ်သမားများ၏ လယ်ယာမြေများ ဆက်လက်သိမ်းပိုက်ခံနေရတုန်း ဖြစ်ပြီး အစစအရာရာ နိမ့်ကျနေကြောင်း၊ သို့အတွက် ရခိုင်လယ်သမားထုတစ်ရပ်လုံး  လွတ်မြောက်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

၈၈ ရခိုင်မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူး ခိုင်ဆန်းအောင်မှလည်း ဆရာတော်သည် ရခိုင်အမျိုးသားရေး အတွက် စွန်းစွန်းတစ်မံ ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း၊ ဆရာတော်၏ အခန်းကဏ္ဍသည် ရခိုင်တော်လှန်ရေးတွင် အရေးကြီးသောနေရာမှ ရှိခဲ့ကြောင်း၊ သို့အတွက် ဆရာတော်ကြီး၏ ဂုဏ်ကျေးဇူးကို ဖော်ထုတ်လို၍ ယခုပွဲကို ကျင်းရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဝါရင့် နိုင်ငံရေး သမား ဦးခိုင်စိုးမှလဲ ဆရာတော် ဦးစိန္တာနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့အကြား သဘောထား ကွဲလွဲမှုများ ရှိခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းမှ ဗြိတိသျှ အစိုးရနှင့် စေ့စပ်ပြီး လွတ်လပ်ရေး ရယူရန် လမ်းစဉ်အား ချမှတ်ခဲ့ပြီး ဆရာတော် ဦးစိန္တာမှ ဗြိတိသျှ နယ်ချဲ့အား အပြီးတိုင် တိုက်ထုတ်ပြီး လွတ်လပ်ရေး ကို ရယူရန် လမ်းစဉ်ကို ချမှတ်ခဲ့ကြောင်း၊ နောက်ဆုံးတွင် ဆရာတော်သည် ပြောင်းလဲလာသော ခေတ်အခြေအနေအရ လက်နက်ချခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

17974447_269553250172601_1492344544_n

အခမ်းအနားတွင် သဘာပတိ အဖြစ် ကမ်းနီဆရာတော်ကြီး၊  ဆရာတော် ဦးစိန္တာစာအုပ်ကို ပြုစုရေးသားသူ ဦးဘဖြူ၊ ၈၈ ရခိုင်မျိုးဆက်များ လူမှု ဖွံ့ဖြိုးရေး အဖွဲ့မှ နာယက ဦးဦးသန်းနိုင်၊ ဆရာတော် တစ်ပည့်ဖြစ်သူ

ဦးထွန်းလှခိုင် (ဂြန်းခါးကျေးရွာ) နှင့် မြို့ပုံမြို့မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးခင်မောင်လေး တို့က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူး အဖြစ် တေးသံရှင် မိချောနှင့် ဆရာမ ဒေါ်အေးအေးမော်တို့မှ ဆောင်ရွက်ခဲ့သည်။

ယင်းဂုဏ်ပြုပူဇော်ပွဲ၌ ရခိုင်နာမည်ကြီးအဆိုတော်များပါဝင်သော စင်တင်ဂီတ ဖျော်ဖြေပွဲနှင့် ဇာတ်ပွဲ ကိုလည်း ၈ ရက်နေ့နှင့် ၉ ရက်နေ့ ညများတွင် ပြုလုပ်ခဲ့ရာ ပရိသတ်ထောင်ချီ လာရောက် အားပေးခဲ့ကြသည်။

ဆရာတော်ဦးစိန္တာကို ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရင်းဘွေကျေးရွာ၌ မြန်မာသက္ကရာဇ် ၁၂၆၄ ခုနှစ်တွင် ဖခမည်းတော် ဦးချစ်ဖြူနှင့် မယ်တော် ဒေါ်ရွှေရင်တို့က မွေးဖွားသန့်စင်ခဲ့ပြီး မြန်မာနိုင်ငံ၌ ဖက်ဆစ်ဂျပန်ကို ပထမဆုံးတော်လှန်ခဲ့သည့် ဆရာတော်တစ်ပါးဖြစ်သည်။

 ဆရာတော်သည် လယ်သမားများလယ်ယာမြေ ပိုင်ဆိုင်ရေးနှင့် အခွန်မဆောင်ရေးအတွက် လယ်သမားများ အတွက် ရပ်တည်တိုက်ပွဲဝင်ခဲ့သည်။

 လယ်မဲ့၊ ယာမဲ့၊ လယ်သမားများ ဘဝကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ၁၉၄၆ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ဆရာတော်ဦးဆောင်ပြုလုပ်ခဲ့သည့်  မြေပုံမြို့နယ် ကြာအင်းတောင်ညီလာခံသည် ရခိုင်သမိုင်း၌ ထင်ရှားခဲ့သည့် ညီလာခံတစ်ခုဖြစ်သည်။