Advertising
English News

ရခိုင်ပြည်နယ်မှ ဆရာတော် ၁၃ ပါး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံရ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇန်န၀ါရီ ၆

26168445_1786371664708236_462023625699683473_n

၂၀၁၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၀) ပြည့်နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့၌ ရခိုင်ပြည်နယ်မှ ဆရာတော် ၁၃ ပါး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ခံရသည်။

ယင်းသို့ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဇန်န၀ါရီလ ၄ ရက်နေ့က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံးမှ အမိန့်ကြော်ငြာစာ ၁/၂၀၁၈ ဖြင့် ထုတ်ပြန်ခဲ့သည်။

ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း ခံရသော ဆရာတော်များမှာ ရခိုင်ပြည်နယ် စစ်တွေမြို့ ကုန်တန်းရပ်ကွက် ပုသိမ်ကျောင်းတိုက်မှ ဘဒ္ဒန္တပဏ္ဍိတ သဒ္ဓမ္မဂရုအား အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ဓမ္မသုခ ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တသောမအား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် အားလည်းကောင်း၊ မြေပုံမြို့ ရွာသစ်ကေရပ်ကွက် ပညာဗိမာန်စာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တ ပညာဘောဂအား မဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ စစ်တွေမြို့ ကုန်တန်းရပ်ကွက် တောင်ရွှေရွာကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဓမ္မိကအား ဂန္ထ၀ါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ မင်းပြားမြို့ ဂါတ္တန်းလမ်း တက္ကသီလ သာသနာ့ အလင်းရောင်ကျောင်းတိုက် မြို့မမြောက်ကျောင်းဆရာတော် ဘဒ္ဒန္တဃောသိတာရမ္ဘအား အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ မြောက်ဦးမြို့နယ် မောင်နှမ ကျေးရွာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္ဆ၀ဏ္ဏသာမိအား အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ကျောက်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ဘုန်းကြီးကျောင်းလမ်း ယပ်လှဲကျောင်း ပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တစက္ကိန္ဒအား အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ကျောက်တော်မြို့နယ် ကသစ်တော ကျေးရွာ ကသစ်တောကျောင်းတိုက်မှ ဘဒ္ဒန္တသောဘနအား မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ် ခထီးလှကျေးရွာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်မှ ဘဒ္ဒန္တ၀ိဇ္ဇောဘာသအား မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ကျောက်တော်မြို့နယ် စံပါယ်လှကျေးရွာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်မှ ဘဒ္ဒန္တပဏ္ဍိတအား မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် အားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ် စည်ပင်သာယာကျေးရွာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်မှ ဘဒ္ဒန္တစန္ဒအား မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် အားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ် ၀ါးနက်ရုံကျေးရွာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တစာရိန္ဒအား သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ နံသာတောင် ဘုန်းတော်ကြီးကျောင်းတိုက်မှ ဘဒ္ဒန္တစာရဏအား သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသည့် နံသာတောင် အခမဲ့ပညာဒါန ပရဟိတ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစာရဏက “သဒ္ဓမ္မဇောတိကဓဇ ဆိုတာ နယ်စပ်သာသနာပြုလို့ အဓိပ္ပာယ်ရပါတယ်။ ဆရာတော်အနေနဲ့ နယ်စပ်မှာ အမှန်တကယ် သာသနာပြုနေတယ်။ အများကောင်းကျိုး လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့အတွက် နိုင်ငံတော် သမ္မတက အဲ့ဒီလိုမျိုး ဆုချီးမြှင့်ခြင်း ခံရတာဖြစ်ပါတယ်။ ဒီလိုမျိုး ဆုချီးမြှင့်ခံရတဲ့အပေါ် အလွန်တရာမှ ပီတိဖြစ်မိပါတယ်”ဟု နိရဉ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။