English News

ရခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသားများအား သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဇူလိုင် ၉

19756361_1579874572024614_480597187007891661_n

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရခိုင်ပြည်နယ်မှ ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသူ ကျောင်းသားများကို သင်္ဂဟကမ်းလက် ရက္ခိတ အဖွဲ့မှ ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

၎င်းဆုများကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရွှေကရုဏာခန်းမနှင့် တောင်ကုတ်မြို့တို့တွင် ၂ နေရာခွဲ၍ အခမ်းအနား ပြုလုပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ဆုချီးမြှင့်ရာတွင် ရခိုင်ပြည်နယ်တွင် ပထမမှ ပဉ္စမအဆင့် ရရှိသော ကျောင်းသူကျောင်းသားများဖြစ်ကြသည့် မဖြိုးဝေခင် အထက ၂ စစ်တွေ ၆ ဘာသာဂုဏ်ထူး ရမှတ် ၅၄၉ မှတ် ပထမ၊ မောင်ညီညီဖြိုး အထက ကမ်းထောင်းကြီး ၆ ဘာသာ ဂုဏ်ထူး ရမှတ် ၅၃၀ ဒုတိယ၊မစောယုနွယ်နီ အထက ၂ စစ်တွေ ၆ ဘာသာ ဂုဏ်ထူး ရမှတ် ၅၂၉ တတိယ၊ မခင်ရှင်းသန့်ထင် အထက ၁ တောင်ကုတ် ၆ ဘာသာဂုဏ်ထူး ရမှတ် ၅၂၉ တတိယ၊ မောင်ခိုင်စိုးလင်း အထက ၂ စစ်တွေ ၆ ဘာသာဂုဏ်ထူး ရမှတ် ၅၂၁ စတုတ္ထ၊ မောင်သန့်စင် အထက ၁ တောင်ကုတ် ၆ ဘာသာဂုဏ်ထူး ရမှတ် ၅၂၁ စတုတ္ထနှင့် မအေးစန္ဒာ အထက ၁ စစ်တွေ ၅ ဘာသာဂုဏ်ထူး ရမှတ် ၅၁၃ ပဉ္စမတို့အား ဆုချီးမြှင့်ခဲ့သည်။

ဆုများအတွက် ပထမကို ၃ သိန်းကျပ်၊ ဒုတိယကို ၂ သိန်း ၅ သောင်းကျပ်၊ တတိယကို ၂ သိန်းကျပ်၊ စတုတ္ထကို ၁ သိန်း ၅သောင်းကျပ်နှင့် ပဉ္စမကို ၁ သိန်းကျပ်စီ ချီးမြှင့်ခဲ့သည်။

“ရခိုင်သားထဲက တော်တဲ့အတွက် ရခိုင်အဖွဲ့က ဂုဏ်ပြုဆုချီးမြှင့်ရတာဖြစ်ပြီး၊ အခုလိုမျိုး ဆုရရှိတဲ့ ကျောင်းသူကျောင်းသားတွေကို နောက်လာမယ့် ကျောင်းသားတွေက အတုယူပြီး ကြိုးစားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆုချီးမြှင့်ရတာပါ”ဟု သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့၏ ယခုအကြိမ် ဆုချီးမြှင့်ခြင်းသည် စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

သင်္ဂဟ ကမ်းလက် ရက္ခိတအဖွဲ့ကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ပြည်တွင်း ပြည်ပမှ မျိုးချစ်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ပြီး အဖွဲ့အနေဖြင့် ပညာရေးအတွက် အကူအညီများ ပေးနေသည့်အပြင် ရေးဘေး၊ လေဘေးနှင့် စစ်ဘေးဒုက္ခသည် ရခိုင်ပြည်သူများအတွက်လည်း တတ်နိုင်သလောက် အကူအညီပေးလျက်ရှိသည်ဟု သိရှိရသည်။