Advertising
English News

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဇေယျကျော်ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်အား ပုဒ်မ ၆၈(က)ဖြင့် တရားစွဲ

စိုးဇံအောင်(တောင်ကုတ်)
နိရဉ္စရာ၊အောက်တိုဘာ ၁

42876472_2116989034979829_448752614176194560_n

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဇေယျကျော် ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်အား မဟုတ်မမှန် သတင်းဖြန့်ဝေပြီး ပြည်သူများအထိတ်တလန့်ဖြစ်စေမှုပုဒ်မ ၆၈(က)ဖြင့် တောင်ကုတ်မြို့ နယ်ဒုအုပ်ချုပ်ရေးမှူး ဦးထင်ကျော်ဦးက တရားလိုအဖြစ် တောင်ကုတ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်းသိရသည်။

၂၀၁၈ ခုနှစ်ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံမှ ဂက်စ်လိုင်းပေါက်ကွဲမှုကို ရခိုင်ပြည်နယ်ကျောက်ဖြူ ဒေသမှ ဂက်စ်ပိုက်လိုင်းပေါက်ကွဲမှုဖြစ်ပွားသည်ဟု ဖေ့စ်ဘုတ်လူမှုကွန်ရက်တွင် ဖော်ပြခဲ့ သည့်အတွက် ပြည်သူများအထိတ်တလန့်ဖြစ်စေမှု ပုဒ်မ ၆၈(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကုတ်မြို့ နယ် ဒုအုပ်ချုပ်ရေးမှူး ဦးထင်ကျော်ဦးက “ကျွန်တော်တို့က ဇေယျကျော်ဆို ဘယ်သူဖြစ်မယ်ဆိုတာကို မသိဘူး၊အခုအမှုဖွင့်တိုင်ကြားတယ် ဆိုတာက ဇေယျကျော် ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်ကို မဟုတ်မမှန်သတင်းနဲ့ ပြည်သူတွေအထိတ် တလန့်ဖြစ်စေမှုနဲ့ အမှုဖွင့် တိုင်ကြားထားတာပါ။အခုလို အမှုဖွင့်ရတာကလည်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရဲ့ အစီအစဉ်နဲ့ပါ”ဟု ဆက်ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့မှ ဇေယျကျော် ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်အား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ ထိုသို့တရားစွဲဆိုထားကြောင်း ၄င်းထံသို့စာမရောက်သေး ကြောင်း၊မိမိအနေဖြင့် အတိအကျမသိရှိရသေးကြောင်း ပြန်လည်ပြောဆိုသည်။

“ကျွန်တော့်ဆီကိုတော့ ရဲစခန်းကနေ အကြောင်းကြားတာတွေ ဘာတွေမရှိသေးပါဘူးခင်ဗျ။ ကျွန်တော့်ကို အမှုဖွင့်ထားတယ်ဆိုတာလည်း ကျွန်တော့်ဆီစာမရောက်သေးတဲ့အတွက် မသိရသေးဘူး။ တရားစွဲ ဆိုတယ်ဆိုတာကတော့ တရားစွဲဆိုခံရတဲ့လူဆီကို တရားဝင်စာနဲ့ ကာယကံရှင်ကို အကြောင်းကြား မှအတည်ပြုပြောနိုင်မှာပါ”ဟု ကိုဇေယျကျော်က နိရဉ္စရာသို့ ပြောသည်။

ကိုဇေယျကျော်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ လူမှုရေး လူပ်ရှားဆောင်ရွက်နေသူ တစ်ဦးဖြစ်ပြီး ရခိုင်စာပေယဉ်ကျေးမှု ဂျာနယ်တွင်လည်း Freelance အဖြစ်ဆောင်ရွက်နေကာ ရခိုင်ပြည်နယ်တွင် လူသိများသူ တစ်ဦးဖြစ်ကြောင်း သိရသည်။