English News

ရခိုင်ပြည်နယ်အဆင့် စံပြမိခင်ဆုကို RiA သတင်းဌာနတည်ထောင်သူ၏ မိခင်မှ ဆွတ်ခူးရရှိ

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇန်နဝါရီ ၎

26196478_1784459724899430_4925531221573298478_n

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်သည့် ပြည်နယ်အဆင့်စံပြမိခင်ဆုကို RiA သတင်းဌာနအား တည်ထောင်သူ ကိုမင်းမင်း၏ မိခင် ဒေါ်ခင်သိန်းလှက ဆွတ်ခူးရရှိသွားသည်။

နှစ် (၇ဝ)ပြည့် မြန်မာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အသက် (၅၈) နှစ် ရှိပြီဖြစ်သော သားသမီး (၅)ဦး၏မိခင် ဒေါ်ခင်သိန်းလှက ပထမဆုရရှိသွားခြင်းဖြစ်သည်။

“ဒီဆုက ဒုတိယဆုနဲ့ တတိယဆုမပေးဘူး။ ပထမဆုတစ်ခုတည်းပဲ ပေးတာ။ အဒေါ့်အနေနဲ့ အခုလို ပထမဆုရလို့ အတိုင်းမသိ ဝမ်းသာပျော်ရွှင်မိပါတယ်။ ဆုငွေကတော့ ၅ သောင်းရပါတယ်။ ဒါပေမယ့် ငွေကိုအဓိကမဟုတ်ပါဘူး။ အဒေါ့်အနေနဲ့ သားသမီးတွေကို ဘယ်လိုမွေးထုတ်လိုက်နိုင်တယ်၊ ဘယ်လို ဆင်းရဲဒုက္ခနဲ့ ကလေးတွေကို ခက်ခက်ခဲခဲရုန်းကန်ပြုစုစောင့်ရှောက်ခဲ့ရတယ်ဆိုတာကို အခုလို ဂုဏ်ပြုတဲ့အတွက် အရမ်း ဝမ်းသာမိပါတယ်”ဟု စံပြမိခင်ဆုရှင် ဒေါ်ခင်သိန်းလှက နိရဉ္စရာသို့ပြောသည်။

ဒေါ်ခင်သိန်းလှတွင် သား ၂ ဦးနှင့် သမီး ၃ ဦးရှိပြီး သားသမီး (၅)ဦးစလုံး ပညာတတ်ဖြစ်စေရန် အတွက် ဈေးရောင်း၊ စက်ခြုပ်၊ ထမင်းဆိုင်ရောင်း၊ ပန်းရံလုပ်၊ မီးပူတိုက်၊ နေ့ကလေးထိန်းစသည့် ကျပန်းအလုပ်များဖြင့် ဝင်ငွေရှာရင်း သားသမီးများကို ပြုစုပျိုးထောင်ခဲ့သူဖြစ်သည်။

လက်ရှိတွင် ဒေါ်ခင်သိန်းလှ၏ သမီးကြီးဖြစ်သူမှာ ကွန်ပျူတာဖြင့်ကျောင်းပြီးသွားပြီဖြစ်ပြီး ဒုတိယမြောက်သားဖြစ်သူမှာ သတင်းမီဒီယာလောကတွင် ရပ်တည်နေနိုင်ပြီဖြစ်သည်။

တတိယမြောက်သားသည် ဒီဇိုင်းသင်တန်းများတက်ရောက်လေ့လာနေပြီး စတုတ္ထမြောက်သမီးမှာ အစိုးရနည်းပညာကျောင်းတွင် ပညာသင်ကြားလျက်ရှိသည်။ ပဉ္စမမြောက် သမီးငယ်သည်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်ပြင်ဆင်လျက်ရှိသည်။

“အမေ အခုလို ဆုရလို့ အတိုင်းမသိ ဝမ်းသာမိပါတယ်။”ဟုလည်း စံပြမိခင်ဆုရှင် ဒေါ်ခင်သိန်းလှ၏ သား RiA သတင်းဌာနတည်ထောင်သူ ကိုမင်းမင်းက နိရဉ္စရာသို့ ပြောသည်။

လက်ရှိတွင် ဒေါ်ခင်သိန်းလှသည် ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဓညဝတီ(ခ)ရပ်ကွက်တွင် မိသားစုနှင့်အတူ ပျော်ရွှင်စွာနေထိုင်လျက်ရှိသည်။

ဓာတ်ပုံ – စံပြမိခင်ဆုရှင် ဒေါ်ခင်သိန်းလှအား သားဖြစ်သူ ကိုမင်းမင်းနှင့်အတူ တွေ့ရစဉ်။