Advertising
English News

ရခိုင်ပြည်နယ် သင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းစွာရေကစားနိုင်အောင် ရဲအင်အား ၁၂၉၀ ဖြင့် လုံခြုံရေး ဆောင်ရွက်နေ

နိရဉ္စရာ၊ ဧပြီ

30698332_1892116884133713_2651128366580629504_n

ယနေ့ စတင်သည့် ရခိုင်ရိုးရာ မဟာသင်္ကြန်အတွင်း ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ အနေဖြင့် အေးချမ်းစွာ ရေကစားနိုင်ရေး အတွက် ရဲတပ်ဖွဲ့ အင်အား ၁၂၉၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက မီဒီယာများသို့ ပြောကြားသည်။

ရဲမှူးကြီး အောင်မြတ်မိုးက “ ရဲတပ်ဖွဲ့ အင်အား ၁၂၉၀ အပြင် ပြည်နယ်ရဲတပ်ဖွဲ့ အနေနဲ့ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

30652974_1892116994133702_1566045093025021952_n

ယနေ့ စစ်တွေမြို့ အရေးကြီးသော လမ်းဆုံ လမ်းခွများတွင်လည်း ရဲတပ်ဖွဲ့ဝင်များကို လုံခြုံရေးချထားပြီး စစ်တွေမြို့လယ်ရှိ ဦးဥတ္တမ ပန်းခြံတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ဖြင့် လုံခြုံရေး ယူထားသည်ဟု သိရသည်။

“ ကျွန်တော်တို့ မိဇံရပ်ကွက်မှာ ကျင်းပတဲ့ ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေ ချထားပါတယ်။ အဓိကတော့ အများပြည်သူတွေ ပျော်ပျော်ရွှင်ရွှင် ရေကစားနိုင်အောင် သူတို့က ကြပ်မတ် ထိန်းသိမ်းပေးသွားမှာပါ” ဟု မိဇံရပ်ကွက်မှ လူကြီး တစ်ဦးကလည်း ပြောဆိုသည်။