Advertising
English News

ရခိုင်ပြည်နယ် မြို့နယ် ၄ ခုတွင် မြိုစာသင်တန်းဆင်းပွဲ ပြုလုပ်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ ဧပြီ ၁၁

30652450_1889928524352549_4605033852820258816_n

မြိုစာ သင်တန်းဆင်းပွဲကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ပေါက်တော မြို့နယ်တို့တွင် ယမန်နေ့ ဧပြီ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည်။

မြိုစာပေယဉ်ကျေးမှုအဖွဲ့မှ ကြီးမှူးပြုလုပ်ခဲ့သည့် မြိုစာသင်တန်းကို ဧပြီလ ၁ ရက်နေ့မှ ၉ ရက်နေ့ထိ ၁၀ ရက်ကြာ ပြုလုပ်ခဲ့ပြီး ၎င်းသင်တန်းကို မြို့နယ် ၄ ခုတွင် တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြကာ သင်တန်းသား စုစုပေါင်း ၄၀၀၀ ခန့် တက်ရောက် သင်ယူခဲ့ကြသည်ဟု မြိုစာပေ ယဉ်ကျေးမှုအဖွဲ့မှ စာပေပြုစု တတ်မြောက်ရေးနှင့် ပြန့်ပွားရေး တာဝန်ခံ ဦးအောင်မြစံ(ခ) ဘဇံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယင်သို့ သင်တန်းပို့ချရာတွင် ကျောက်တော်မြို့နယ်တွင် ၁၅ နေရာ၌ သင်တန်းသား ၂၇၅၀ ဦး၊ ဘူးသီးတောင်မြို့နယ်တွင် ၈ နေရာ၌ သင်တန်းသား ၅၀၃ ဦး ၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၆ နေရာ ၌ သင်တန်းသား ၃၀၀ ခန့်နှင့် ပေါက်တောမြို့နယ်တွင် သင်တန်းသား ၁၇၅ ဦး တက်ရောက် သင်ယူခဲ့ကြပြီး ဆရာ ဆရာမ ၈၇ ဦးတို့က သင်ကြား ပို့ချခဲ့ကြသည်ဟု သူက ပြောဆိုသည်။

အဆိုပါသင်တန်းကို မြိုစာပေယဉ်ကျေးမှုအဖွဲ့က စီစဉ်ပြီး ကျေးရွာသားများက စေတနာ အလျောက် ငွေကြေးထည့်ဝင်ကာ ကိုယ်ထူကိုယ်ထ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။

“မိမိတိုင်းရင်းသားစာပေကို ရေးတတ်ဖတ်တတ်ပြီး တွင်ကျယ်စွာ အသုံးပြုလာနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရတာဖြစ်ပါတယ်။ ဒီလိုစာပေကို တတ်မြောက်လာပြီးတော့ ကိုယ့်လူမျိုး အချင်းချင်း ကိုယ့်စာနဲ့ ဆက်သွယ်မှု ပြုလုပ်လာနိုင်မယ်။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာနဲ့ ကိုယ့်ဓလေ့ထုံးစံတွေကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက် တတ်လာမယ် ဦးအောင်မြစံ(ခ) ဘဇံက ဆက်လက် ပြောသည်။

30571352_1889928984352503_700348856323276800_n

ဦးစွန်းတောင်ကျေးရွာမှ တက္ကသိုလ်ဝင်တန်း ဖြေဆို ထားသူ မမိုးစန္ဒာက “ကိုယ့်စာပေကို စိတ်ဝင်စားတဲ့အတွက် သင်တန်းလာတက်တာပါ။ စာလုံးပေါင်းတတ် ဖတ်တတ် အဆင့်ထိ တတ်မြောက်ခဲ့ပါတယ်။ မြန်မာစာကို သင်ယူရတာထက် လွယ်ကူပါတယ်” ပြောသည်။

ပါချေကျေးရွာမှ ဆရာမ ဒေါ်စန္ဒာဝင်းက “မြိုစာသင်တန်းတွေ ငယ်ငယ်တုန်းက တက်ဖူးတယ်။ ပြီးလို့ ရှိရင် ဒီစာကို ကိုယ်တိုင်ပြုစုထားတဲ့ ဆရာနဲ့ သင်ခဲ့ရတယ်။ ကိုယ်သင်ကြားရတဲ့ အချိန်မှာတော့ အခက်အခဲတွေ ရှိပေမယ့် ကိုယ့်ရဲ့ စေတနာ ၀ါသနာကြောင့် အဆင်ပြေ ချောမွေ့ခဲ့ပါတယ်” ဟု ပြောသည်။

ကျောက်တော်မြို့နယ် (ယိုး) ပီးချောင်းမှ သင်တန်းသား မောင်ချစ်ဝင်းကလည်း “ကိုယ့်စာပေကို တတ်မြောက်ချင်တဲ့အတွက် လာရောက်သင်ယူတာပါ။ ငယ်ငယ်တုန်းက မြိုစာရှိတယ်လို့တော့ ကြားဖူးခဲ့ပါတယ်။ ဒါပေမယ့် အခုလိုမျိုး စာပေနဲ့ ထိတွေ့မှုတော့ မရှိခဲ့ပါဘူး။ ကိုယ့်စာပေကို သင်ယူခွင့်ရတဲ့အတွက် ၀မ်းသာဂုဏ်ယူပါတယ်။ ကိုယ့်စာပေကို သင်ယူရတာ လွယ်ကူပါတယ်”ဟု ပြောသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် မြိုတိုင်းရင်းသားအကများဖြင့် ကပြဖြေဖျော်ခဲ့ကြပြီး၊ သင်တန်း သားများက ဆရာဆရာမများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားသို့ မြိုတိုင်းရင်းသား ဖွံ့ဖြိုးရေးပါတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်မင်းလည်း တက်ရောက် အမှာစကားပြောခဲ့သည်။