Advertising
English News

ရခိုင်ဝန်ကြီးချုပ်ခရီးစဉ်အတွင်း အသုံးပြုခဲ့သောကားခများ ရှင်းမပေးမှုအပေါ် ပို့စ်တင်သူ ခေါ်ယူ မေးမြန်းခံရ

နိရဉ္စရာ၊ ဇူလိုင် ၈

36812313_1991037607574973_4173532284026093568_n

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၏ ရသေ့တောင်မြို့နယ် ကူတောင်ခရီးစဉ်အတွင်း တာဝန်ရှိသူများ အသုံးပြုခဲ့သည့် ကားခများကို ရှင်းမပေးခဲ့ကြောင်း ပို့စ်တင်သူကို ရဲက ခေါ်ယူမေးမြန်းမှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။

စမ်းချောင်း ရသေ့တောင်အမည်ဖြင့် ပို့စ်တင်သူ ဦးအောင်ဆန်းနိုင်က “ ကျွန်တော်ကို ဒီနေ့ မနက်က ရဲတစ်ယောက်က လာခေါ်ပါတယ်။ ကျွန်တော်တင်တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး စခန်းမှူးက တွေ့လိုတယ် ဆိုပြီး လာခေါ်တာပါ။ ကျွန်တော်က ကျွန်တော်မှာ အပြစ်မရှိဘူး။ မလိုက်နိုင်ဘူး ပြောတော့ မလိုက်လို့ မရဘူးလို့ ပြောတယ်။ ကျွန်တော်က ချက်ချင်း လိုက်မသွားဘဲ ခဏနေ လာခဲ့မယ်ပြောပြီး နာရီဝက်ခန့် အကြာမှာ စခန်းကို လိုက်သွားတော့ စခန်းမှူးနဲ့ လမ်းတစ်ဝက်မှာ တွေ့ပါတယ်။ စခန်းမှူးပြောတာက ဒီလို ပို့စ်တင်တာ မသင့်တော်ဘူးပေါ့။ နောက်နောင် မလုပ်နဲ့ပေါ့။ နောက်ဆိုရင် ကျွန်တော်တို့ကို အသိပေးပါ။ ကျွန်တော်တို့ ကူညီနိုင်ပါတယ်ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ ကျွန်တော်ကလည်း ကာသမားတွေ လာပြောနေတဲ့အတွက် ပို့စ် တင်ရတာဖြစ်တယ်လို့ ပြောလိုက်တယ်။ ကားစီးပြီး ကားခကို ပေးသင့်တယ်လို့ ပြောလိုက်ပါတယ်။ နောက်ပိုင်းတော့ ကားသမားတွေခေါ်ပြီးကားခတွေ ပေးတာတွေ့လိုက်ရပါတယ်” ဟု သူက ဆက်ပြောသည်။

ဦးအောင်ဆန်းနိုင်သည် ရဲက ခေါ်ယူပြောဆိုပြီးနောက် စမ်းချောင်း ရသေ့တောင် အမည်ဖြင့် ယမန်နေ့က သူတင်ထားခဲ့သည့် “ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် အဖွဲ့ ကားငှားစီးပြီးတော့ ကားခမပေးဘဲ ပြန်သွားတာကို ဘယ်သူ့ကို တိုင်ရမှာလဲ။ သိရင်ဝိုင်းပြောကြပါနော်” ဆိုသည့် ပို့စ်ကို ဖြုတ်ချလိုက်သည်ဟု သိရသည်။

“ ၆၆ (ဃ) နဲ့ ငြိမှာကို စိုးတဲ့အတွက် နောက်ပိုင်းမှာ ဒီပို့စ်ကို ဖြုတ်ချလိုက်ပါတယ်” ဟု သူက ပြောကြားသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၏ ဇူလိုင် ၇ ရက်နေ့က ပြုလုပ်သည့် ရသေ့တောင်မြို့နယ် ကူတောင် ခရီးစဉ်အတွင်း အသုံးပြုခဲ့သည့် ကားခများ ရှင်းမပေးသွားခြင်းမှာ ဟုတ်မှန်ပါသလားဟု ကူတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်အား မေးမြန်းရာ ကားခများကို ယနေ့ ရှင်းပေးလိုက်ပြီဟု ပြောဆိုသည်။

“ ကား ခုနှစ်စီး၊ နောက်ထပ် လိုအပ်တဲ့အတွက် အသုံးပြုလိုက်ရတဲ့ တစ်စီး၊ စုစုပေါင်း ၈ စီးကို ရှင်းပေးလိုက်ပါပြီ။ ကားသမားတွေက တစ်စီးကို ငါးသောင်းတောင်းပါတယ်။ ကျွန်တော်တို့က တစ်စီးကို လေးသောင်းနှုန်းနဲ့ ရှင်းပေးလိုက်ပါတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးက ပို့ပေးတာပါ။ စခန်းမှူးကနေ တစ်ဆင့် ဒီနေ့ ပေးလိုက်ပါပြီ။ မနေ့က အချိန်မရလိုက်တဲ့ အတွက် ဒီနေ့ ရှင်းပေးလိုက်ပါပြီ” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ပို့စ်တင်မှုကြောင့် ဦးအောင်ဆန်းနိုင်အား ကူတောင် ရဲစခန်းမှ ခေါ်ယူ မေးမြန်းမှုများရှိခဲ့ကြောင်း သိရှိရသဖြင့် ကူတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်ကို ဆက်လက် မေးမြန်းရာ အဆိုပါ ကိစ္စကို သူ မသိရှိကြောင်း ပြောကြားသည်။