Advertising
English News

ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် မြောက်ဦးတွင် ကျင်းပမည်

နောင်ခိုင်အောင်
စစ်တွေ၊ နိုဝင်ဘာ ၁၅

23517686_1733014926710577_1369133019950973895_n

ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း၏ နှစ် ၁ဝဝ ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဆရာကြီး၏ မွေးရပ်ဇာတိ မြောက်ဦးမြို့ တွင် နိုဝင်ဘာ ၂၃ ရက်နေ့တွင် ကျင်းပ ပြုလုပ် သွားမည်ဟု သတင်းရရှိသည်။

ဆရာကြီး နှစ်ရာပြည့် အခမ်းအနားကို ဆရာကြီးဦးဦးသာထွန်းအား လေးစား ကြည်ညို သူများနှင့် တပည့်များက စုပေါင်းကာ ကျင်းပပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်သည်။

“ဆရာကြီးဦးသာထွန်းဟာ မြောက်ဦးမြို့ဇာတိလည်းဖြစ်ပါတယ်။ ပြီးတော့ ရခိုင်တွေအအတွက် သမိုင်းဆိုင်ရာမျက်နှာစာ၊ ရာဇ၀င်ဆိုင်ရာမျက်နှာစာ၊ စာပေဆိုင်ရာမျက်နှာစာ၊ ဘာသာရေး ဆိုင်ရာ မျက်နှာစာ၊ နိုင်ငံရေးမျက်နှာစာတို့မှာ အဘက်ဘက်က ရခိုင်ပြည်အတွက် အနစ်အနာခံ စွန့်လွတ် ပေးဆပ်ပြီး ဆောင်ရွက် ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ အဓိက ရခိုင်နဲ့ ပတ်သက်တဲ့ သမိုင်း ဆိုင်ရာ အချက်အလက်တွေကို အထောက်အထားတွေနဲ့ တစ်ကွ ကမ္ဘာကသိအောင် လုပ်ပေး နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဒါကြောင့် ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးကို လေးစားကြည်ညိုသောအားဖြင့် အခုလို နှစ် ၁၀၀ ပြည့် အခမ်းအနားကို ကျင်းပပြုလုပ်ဖို့စီစဉ်ရတာ ဖြစ်ပါတယ်” ဟု နှစ် ၁၀၀ ပြည့် ကျင်းပရေး ကော်မတီ ပြန်ကြားရေးတာဝန်ခံ စာရေးဆရာနောင်အေးက ပြောသည်။

၎င်းပြင် ဆရာနောင်အေးက “ တိုင်းပြည်အတွက်လိုအပ်တဲ့အခါ နိုင်ငံရေးလောကကို ကူးပြောင်း ပြီးတော့ ထောင်ထဲမှာအသက်စွန့်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်ပါတယ်။ အဲလို ပုဂ္ဂိုလ် တစ်ယောက်ရဲ့ ဂုဏ်ကိုမြင့်တင်ချင်တယ်။ သတိရစေချင်တယ်။ ပြီးတော့ မျိုးဆက်တွေ အနေနဲ့လည်း နားလည်စေချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်ကြတာပါ ” ဟု ဆက်လက် ပြောဆိုသည်။

ယခုကျင်းပမည့် ဆရာကြီး နှစ် ၁၀၀ ပြည့်မွေးနေ့ အခမ်းအနားတွင် စာပေဟောပြောပွဲ၊ စာတန်း ဖတ်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဆရာကြီး၏ အတ္ထုပတ္တိနှင့်ပတ်သက်သည့် ဗဟုသုတဆိုင်ရာ ဥာဏ်ရည်စမ်းပြိုင်ပွဲများကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်။ ဆရာကြီး နှစ်၁၀၀ ပြည့်မြောက် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆရာကြီးကို ချစ်မြတ်နိုးတဲ့သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင် ကူညီကြဖို့လည်း ပြောကြားလိုပါတယ်” ဟု ဆရာနောင်အေးက ပြောကြားသည်။

ဆရာကြီးသည် နုငယ်စဉ်မှစ၍ ရခိုင်ရာဇဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်းများအား အဘိုးဖြစ်သူ ရာဇဝင် သမိုင်းဆရာကြီးဦးသာထွန်းအောင်မှ နုတ်တိုက်အာဂုံသင်ယူခဲ့ပြီး နဝမတန်းတွင် ပညာသင်ကြားနေစဉ် ဖခင် ကွယ်လွန်သောကြောင့် ကျောင်းမှထွက်ပြီး ရဟန်းပုဂ္ဂိုလ်များထံတွင် သက္ကဋ၊ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြားလောကီပညာရပ်များကို သင်ကြားလေ့လာ ဆည်းပူးခဲ့သည်။

ဆရာကြီးသည် ၁၉၅ဝ ခုနှစ်မှ ၁၉၅၅ ခုနှစ်ထိ မူလတန်းကျောင်းဆရာအဖြစ် ဝင်ရောက် လုပ်ကိုင်ပြီး၊ ၁၉၅၅.ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိမြောက်ဦးမြို့ ရှေ့ဟောင်း သုတေသန ဌာနခွဲတွင် ရခိုင် – မြန်မာ ပဏ္ဍိတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ဆရာကြီးသည် ၁၉၁၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ရခိုင်သမိုင်းပညာနှင့် နိုင်ငံရေးနယ်ပယ်တို့တွင် ထင်းရှား ကျော်ကြားသူတစ်ဦးလည်း ဖြစ်သည်။ ဆရာကြီးသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး မင်းပြားမြို့နယ်ပြားချောင်းကျေးရွာတွင် ပါတီအောင်နိုင်ရေးနှင့်ပတ်သက်သည့် နိုင်ငံရေးတရားဟောသောကြောင့် ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရပြီး သုံးလ အကြာ ၁၉၉ဝ ခုနှစ် သြဂုတ် ၁၄ ရက်နေ့ တွင် စစ်တွေ ထောင်ထဲ၌ပင် ကွယ်လွန်သွားခဲ့သည်။

ယခုလက်ရှိမြောက်ဦးမြို့နန်းရာကုန်းတွင်တည်ရှိသည့် ရှေးဟောင်းသုတေသနပြတိုက်ကြီးသည် ဆရာကြီးစုဆောင်းတည်ဆောက်ခဲ့သော ပြတိုက်ကြီးဖြစ်သည်။

၁၉၇၇ ခုနှစ် မှ ၁၉၈၃. ခုနှစ်ထိမြောက်ဦးမြို့ ရှေးဟောင်းသုတေနဌာနခွဲတွင် အကြံပေး ပုဂ္ဂိုလ် အဖြစ် ဆက်တိုက်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၈ဝ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိတူးဖော်ခဲ့သော ရခိုင်ဝေသာလီမြို့ဟောင်းတူးဖော်မှုလုပ်ငန်းတွင် ကိုယ်တိုင်ပါဝင် တူးဖော်ဆောင်ရွက် ခဲ့ကြောင်းလည်း သိရသည်။

ဆရာကြီးသည် မြောက်ဦးမြို့ဘုရားသမိုင်း၊ ဦးရာဇ်တောင် ဘုရားသမိုင်းကျမ်းပြင်ဆင် ဖြည့်စွက်ချက်၊ ရက္ခိုင်အမျိုးသမီးသူရဲကောင်းအတ္ထုပတ္တိ၊ ရက္ခိုင်ရာဇဝင် သင်္ချေပကျမ်း၊ ဝသဲဘုရားသမိုင်းနှင့် ရှင်သတ် ဘုရားသမိုင်းစာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့ပြီး ရက္ခိုင် ကဗျာပေါင်းချုပ်၊ ရက္ခိုင်ရာဇဝင် ဘာသာပြန်၊ ရက္ခိုင်ဒင်္ဂါးများ (ဘာသာပြန်)၊ ရက္ခိုင် ဓာတ်တော် ဘုရားစေတီများနှင့် မြောက်ဦးမြို့ တန်ခိုးကြီးဘုရားများသမိုင်းကျမ်းစာများကို ရေးသားပြုစုပြီး ဘဏ္ဍာရေးဝန်ကြီး ဆရာဦးထွန်းအောင်ကျော်ထံတွင် အပ်နှံခဲ့ကြောင်း သိရသည်။