Advertising
English News

ရန်ကုန်တွင် ကျင်းပခဲ့သည့် (၇၉) နှစ်မြောက် ဦးဥတ္တမနေ့ အထူးစည်ကား

စိုးဇံအောင် (ရန်ကုန်)
နိရဉ္စရာ ၊ စက်တင်ဘာ ၉

41315575_2090703457608387_3687144855709941760_n

ယနေ့ ကျရောက်သည့် (၇၉) နှစ်မြောက် အာရှနေ၀န်း မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ရခိုင့်အာဇာနည် ဆရာတော်အသျှင်ဦးဥတ္တမနေ့အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံ တောင်ဘက်မုတ် အနီးတည်ရှိသည့် ဦးဥတ္တမပန်းခြံတွင် ကျင်းပရာ ရဟန်း၊ ရှင်လူ ပရိသတ်များဖြင့် အထူးစည်ကားခဲ့သည်။

ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဌာနနှင့် ရခိုင်လူမှုအဖွဲ့အစည်းများမှ စုပေါင်း ကျင်းပခဲ့ခြင်း ဖြစ်ပြီး လူပေါင်း ထောင်ချီတက်ရောက်ခဲ့သည်။

41312863_2090703557608377_4381375728688562176_n

ဦးဥတ္တမနေ့အခမ်းအနားတွင် ရခိုင်အဖွဲ့အစည်းအသီးသီးမှ ဂုဏ်ပြုပန်းခြင်းများ၊ ဂါဝရပြု ကပ်လှူပူဇော်ခြင်း ၊ ဆရာတော်၏ ဂုဏ်ကျေးဇူးကို ဖော်ညွှန်းသည့် ကဗျာရွတ်ဖတ်ပူဇော်ခြင်း ရခိုင်အနုပညာရှင်များက တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခြင်း၊ အထိမ်းအမှတ်ပစ္စည်း ရောင်းချခြင်းများပြုလုပ်ခဲ့သည်။

ဦးဥတ္တမနေ့အခမ်းအနားကို တက်ရောက်လာသူတစ်ဦးဖြစ်သည့် ကိုအောင်အောင်က “ဆရာတော်ဦးဥတ္တမဆိုတာ အာရှတိုက်တစ်ခွင်မှာ တစ်ချိန်တုန်းက ရဲရဲတောက် သတ္တိရှိတဲ့ ရဟန်းတော်တစ်ပါးဖြစ်တယ်။မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်နယ်ချဲ့တွေ လက်အောက်ကို ရောက်နေတဲ့အချိန်မှာ မြန်မာနိင်ငံမှာ မင်းပြုချုပ်ချယ်နေတဲ့ ဘုရင်ခံ ဆာရယ်ဂျီ ကရက်ဒေါက် – Get out ဆိုပြီး သူရိယသတင်းစာကနေပြီးတော့ ပြတ်ပြတ် သားသား ရေးပြီးနှင်ထုတ်ရဲတဲ့ ဆရာတော် တစ်ပါးလည်းဖြစ်တယ်။ဆရာတော့်ရဲ့ ကျေးဇူးဂုဏ်တွေကို အောက်မေ့သတိရတဲ့အတွက် ဒီအခမ်းအနားကိုတက်ရောက်လာတာ ဖြစ်ပါတယ်”ဟု နိရဉ္စရာ ရခိုင်သတင်းဌာနသို့ပြောသည်။

ဆရာတော်ဦးဥတ္တမကို ၁၈၇၉ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်နေ့တွင် စစ်တွေမြို့ ၊ ရူပရပ်၌ အဖ ဦးမြ ၊ အမိဒေါ်အောင်ကြွဖြူတို့က မွေးဖွားခဲ့သည်။ ငယ်နာမည် ပေါ်ထွန်းအောင်ဖြစ်ပြီး (၁၆) နှစ်သားအရွယ်တွင် ရှင်သာမဏေ၀တ်ကာ ရှင်ဥတ္တမဟု ဘွဲ့အမည်တွင်ခဲ့သည်။

ဆရာတော်သည် တောင်ငူမြို့တွင် ကျင်းပသော ရှင်သာမဏေစာပြန်ပွဲတွင် ပထမရခဲ့သဖြင့် ချမ်းသာကြွယ်ဝသော ရှမ်းအမျိုးသမီးကြီးတစ်ဦးက ကာလကတ္တားသို့ ပို့၍ ပညာဆက်လ က်သင်ကြားစေသည်။ ကာလကတ္တတွင် အင်္ဂလိပ်ဘာသာ (၁၀)တန်း အောင်မြင်သည်အထိ သင်ကြားကာ မြန်မာနိုင်ငံသို့ ပြန်လာပြီး ပခုက္ကူမြို့တွင် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များကို ဆက်လက်သင်ယူသည်။

41350796_2090703114275088_6030532093908353024_n

ထို့နောက် ရဟန်းခံကာ အိန္ဒိယသို့ ပြန်လည်ကြွရောက်ပြီး အိန္ဒိယကောလိပ်တစ်ခုတွင် ဧည့်ပါမောက္ခအဖြစ်ဖြင့် ပါဠိနှင့် ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို သင်ကြားပို့ချခဲ့သည်။ အိန္ဒိယတွင် သီတင်းသုံးနေစဉ် ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဌအဖြစ်လည်း တင်မြှောက်ခံရသည်။

အိန္ဒိယတွင် (၈)နှစ်ခန့် သီတင်းသုံးပြီးနောက် ပြင်သစ်နိုင်ငံပါရီမြို့သို့ ပညာသင် ကြွရောက်သည်။ ရုရှ-ဂျပန်စစ်ပွဲတွင် ဂျပန်က အနိုင်ရခဲ့ကြောင်း သတင်းကြားသိရသောအခါ ဂျပန်သို့ ပညာသင်ရန် ဆက်လက်ထွက်ခွာခဲ့သည်။ ဂျပန်တွင် ခေတ်ပညာများ သင်ယူရင်း တဖက်မှလည်း ဧည့်ပါမောက္ခ အဖြစ် ပါဠိနှင့် ဗုဒ္ဓစာပေကျမ်းဂန်များကို ပြန်လည်သင်ကြားပေးခဲ့သည်။

ဆရာတော်သည် အိန္ဒိယ ၊ ပြင်သစ်၊ ကိုရီးယား ၊ ဂျပန် ၊ တရုတ် ၊ ဗီယက်နမ်နိုင်ငံများသို့ လှည့်လည်ကြွရောက်တော်မူခဲ့ပြီး ဘာသာစကားကိုးမျိုးတတ်ကျွမ်းသည်ဟု ကျော်ကြားသည်။

၁၉၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ကြွရောက်လာပြီး အမျိုးသားနိုင်ငံရေး စည်းရုံး ဟောပြောမှု များစွာ ပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဝရမ်းအကြိမ်ကြိမ်အထုတ်ခံခဲ့ရပြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း ၀ံသာနုရက္ခိတတရား ဟောပြောနေစဉ် အဖမ်းခံခဲ့ရသည်။ ဆရာတော်သည် နိုင်ငံရေးဖြင့် ပထမဆုံး အပြစ်ပေးခံရသည့် ရဟန်းတော်ဖြစ်သည်။ အကြိမ်အကြိမ် ဖမ်းဆီး ခံခဲ့ရသော်လည်း မြန်မာပြည်လွတ်လပ်ရေးအတွက် ၀ံသာနုရက္ခိတတရားများကို လှည့်လည် ဟောပြောခဲ့သည့် အာဇာနည် ဆရာတော်ဖြစ်သည်။

41486634_2090702844275115_2834674700213288960_n

ဆရာတော်၏ ကြီးမားသော ဂုဏ်ကျေးဇူးများကို အောက်မေ့သောအားဖြင့် စစ်တွေမြို့တွင် ဦးဥတ္တမပန်းခြံကို ၁၉၆၃ ခုနှစ်မှစ၍ တည်ထားခဲ့ကြသည်။ ရန်ကုန် ၊ ရွှေတိဂုံဘုရားအနီးရှိ ကန်တော်မင်ပန်းခြံကိုလည်း ဦးဥတ္တမပန်းခြံအဖြစ် ဖဆပလအစိုးရက သတ်မှတ်ပေးခဲ့ပြီး ဦးဥတ္တမ ရုပ်တုကိုလည်း စိုက်ထူပေးခဲ့သည်။

သို့သော် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် တော်လှန်ရေးကောင်စီ တက်လာပြီးနောက် ရဟန်းသံဃာများ နိုင်ငံရေးဟောပြောလုပ်ကိုင်မည်စိုး၍ ဦးဥတ္တမရုပ်တုကို ဖယ်ရှားခဲ့ပြီး ပန်းခြံကိုလည်း ကန်တော်မင်ပန်းခြံဟုသာ သုံးနှုန်းခေါ်ဝေါ်ခဲ့သည်။