Advertising
English News

ရန်ကုန်မှ မောင်တောဒေသဘုရားဖူးခရီးစဉ် ကျပ်ရှစ်သောင်းဖြင့် အရောက်ပို့မည်

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၄

26000862_1773152566030146_618454753254703899_n

ရန်ကုန်မြို့မှ မောင်တောဒေသ ဘုရားစုံဖူးလိုသူများအတွက် တစ်ဦးလျှင် ကျပ်ရှစ်သောင်းဖြင့် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ရခိုင်လူမှုရေးအဖွဲ့ တစ်ခု ဖြစ်သည့် ARG မှ သတင်း ထုတ်ပြန်သည်။

“ အဓိကတော့ ရန်ကုန်ကို ရောက်ရှိနေတဲ့ ကိုယ့်ရခိုင်လူမျိုးတွေကို လက်ရှိ ရခိုင်ပြည်နယ်ရဲ့ အခြေအနေမှန်ကို မြင်စေချင်တယ်။ အဲဒီကတစ်ဆင့် ကိုယ့်ပြည်ကိုယ့်ရပ်မှာ ပြန်လည် အခြေချရေးကို စိတ်ဝင်စားလာဖို့နဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်လာစေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီခရီးစဉ်ကို စီစဉ်တာ ဖြစ်ပါတယ်” ဟု ARG ဥက္ကဋ္ဌ ဦးဘအေးမှ နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

မောင်တောဘုရားဖူးခရီးစဉ်အား ရန်ကုန်ရောက် ရခိုင်အမျိုးသား အမျိုးသမီးများအတွက် အဓိက ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်သော်လည်း ဒေသအခြေအနေများကို သိလိုသူများ၊ မောင်တောဒေသရှိ ဘုရားများကို ဖူးလိုသူ မြန်မာတိုင်းရင်းသားများအနေဖြင့်လည်း လိုက်ပါနိုင်သည်ဟု ကိုဘအေးက ပြောသည်။

ခရီးစဉ်အား ဒီဇင်ဘာ ၃၀ ရက်နေ့တွင် စတင်မည်ဖြစ်သည်ဟု သိရသည်။

25994502_1773152639363472_20109363836192313_n

“ ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက် ၈ နာရီမှာ ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးဂိတ်မှ စထွက်မယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်မှာ မြောက်ဦးမြို့ကိုရောက်မှာဖြစ်ပြီး ရခိုင်ရှေးဟောင်း ဘုရားတွေကို ၀င်ရောက်ဖူးမျှော်မယ်။ မြောက်ဦးကတစ်ဆင့် စစ်တွေမြို့ထဲကို မ၀င်ဘဲ ရေချမ်းပြင် အငူမော် လမ်းအတိုင်း မောင်တောကို အရောက်သွားပြီး မောင်တောမှာ ညအိပ်ရ ပ်နားမယ်။ နောက်တစ်နေ့ကျတော့ မောင်တောမြို့နယ်က နာမည်ကြီးရှေးဟောင်းဘုရားတွေကို ဖူးမျှော်သွားမှာ ဖြစ်ပါတယ်” ဟု ဦးဘအေးက ပြောသည်။

နှစ်ဆန်းတစ်ရက် ဇန်န၀ါရီ ၁ ရက်နေ့တွင် မြန်မာ- ဘင်္ဂလာဒေ့ရှ်နယ်စပ်ရှိ တောင်ပြိုသို့ ပို့ဆောင် ပြီး ချစ်ကြည်ရေးတံတားကို လေ့လာမည် ဖြစ်ကြောင်း၊ အပြန်တွင် သမိုင်း ဝက်ကျိန်း ဓါတ်၊ ပေါ်တော်မူဘုရား၊ ဖားဝပ်ချောင်းဓါတ် ၊ ခိုမင်းဓါတ်၊သရေ ကုန်ဘောင်ဓါတ်၊ ဥဒေါင်းဓါတ် တို့ကို ၀င်ရောက် ဖူးမျှော်ပြီး မောင်တောတွင် ပြန်လည် ညအိပ်ရပ်နားမည်ဟု သိရသည်။

“ မောင်တောမြို့ပေါ်ဘုရားတွေကိုလည်း ဖူးမျှော်မယ်။ နယ်စပ် ခြံစည်းရိုးတွေကိုလည်း သွားရောက်လေ့လာမယ်။ ဇန်န၀ါရီ ၂ ရက်နေ့မှာ ARG စခန်းမှာ နံနက်စာစားပြီး အဲဒီကနေ့ ကျောက်ပန်းတူ ပင်လယ်ကမ်းခြေကို သွားလေ့လာမယ်။ အဲဒီမှာ ဟိန္ဒူတွေရဲ့ ယုံကြည်ထားတဲ့ မေသီတာကို ထားခဲ့တဲ့ တောင်နဲ့ ဟာနုမန်မျောက် ဆေးတောင်လုံးကျော်ကို ရှာယူရန် ပိုင်းယူသွားတဲ့ ပင်လယ်ထဲမှာတည်ရှိတဲ့ ကျောက်တောင်ကို အနီးကပ်လေ့လာရေးပို့မယ်။ အဲဒီကတစ်ဆင့် စစ်တွေကို ပြန်မယ်။ စစ်တွေမှာ ညအိပ်ရပ်နားမှာ ဖြစ်ပါတယ်” ဟု ခရီးစဉ်နှင့် ပတ်သက်ပြီး ဦးဘအေးက ပြောဆိုသည်။

25660095_1773152766030126_9062188933898365233_n

မောင်တောဒေသသို့ လိုက်ပါကြမည့် ခရီးသည်များ အနေဖြင့် စစ်တွေရန်ကုန်ကြားမိမိစရိတ်နှင့်စားသုံးရမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအပြင် စစ်တွေတွင်လည်း နာမည်ကြီး ပွိုင့်ကမ်းခြေသို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး အနားယူအပန်းဖြေနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

ယခုခရီးစဉ်မှာ ရတောင့်ရခဲသော ခရီးစဉ်ဖြစ်ပြီး လက်ရှိ ရခိုင်ပြည်နယ် အလှအပများကို တွေ့ထိ ခံစားကြရမည့် အပြင် လူတိုင်းစိတ်ဝင်စားနေသည့် မောင်တောဒေသကိုလည်း ကိုယ်တိုင်ကိုယ်ကျ အနီးကပ်လေ့လာခွင့်ရရှိကြမည် ဖြစ်သည်။

သွားရောက်လိုသူ ရခိုင်အမျိုးသားများသာမက မြန်မာတိုင်းရင်းသားများ အနေဖြင့် ဦးဘအေး ( ၀၉၂၅၃၆၈၆၄၀၇) နှင့် ဦးထွန်းအောင်ကျော် (၀၉၇၉၉၆၁၄၁၅၁) သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။

ARG ရခိုင်မျိုးစောင့်အဖွဲ့သည် ပြည်တွင်းတွင် မှတ်ပုံတင်ထားသည့် လူမှုရေး ဆောင်ရွက်နေသည့် အဖွဲ့တစ်ခု ဖြစ်သလို မောင်တောဒေသ ဖွံ့ဖြိုးရေးအတွက် အဓိက လုပ်ဆောင်နေသည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။

(ဓာတ်ပုံ- မောင်တောမှ ဘုရားတစ်ဆူနှင့် ကျောက်ပန်းတူ ပင်လယ်ကမ်းခြေအလှ)