Advertising
English News

ရသေ့တောင်မြို့နယ် မယူတောင်တွင် တောဆင်နင်း၍ လူတစ်ဦးသေဆုံး

 

image-0-02-06-c4bd400203373d4eea6313bf5f1067145c5593606feb7add45eb328afd4770ac-V

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ နိုင်ဝင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ ပိတောက်မြိုင် နတလ ကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၁ နာရီခန့်က တောဆင်နင်း၍ လူတစ်ဦးသေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှ ပိတောက်မြိုင် နတလ ကျေးရွာနေ ဦးအောင်ထွန်းသိန်း ၄၂ နှစ်ဖြစ်သည်ဟု သိရသည်။

“မနေ့ညက ဦးအောင်ထွန်းသိန်းဟာ စပါးခင်းကို ဖျက်နေတဲ့ ဆင်တစ်ကောင်ကို မောင်းထုတ်နေတဲ့အချိန်မှာ နောက်ဆင်တစ်ကောင်က သတ်ဖြတ်လိုက်တာဖြစ်ပါတယ် ”ဟု မယူကမ်းဒေသ ဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးမောင်စောဝင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ရသေ့တောင်မြို့နယ်တွင် စပါးများရင့်မှည့်သည့်အချိန်မှစ၍ စပါးခင်းများကို ဆင်များဝင်ရောက် ဖျက်ဆီးမှုများ ရှိနေသည်ဟု ဆိုသည်။

“အဲ့ဒီနေရာမှာ ဆင်နင်းလို့ လူတွေသေနေကျပါ။ စိုက်ရေးပျိုးရေး တော်တော်အခက်အခဲရှိပါတယ်။ စပါးခင်းတွေကို ဆင်တွေက အတင်းဝင်ဖျက်တယ်၊ စားတယ်။ ဆင်နဲ့လူနဲ့ဟာ အဲ့ဒီစပါးခင်းကို လုနေကြရတဲ့အနေအထားပါ”ဟု ဦးမောင်စောဝင်းက ပြောသည်။

ယခင်က ဆင်များလာရောက် ဖျက်ဆီးလျှင် ရွာသားများက ဗျောက်အိုးဖောက်ပြီး ခြောက်လှန့်မောင်းထုတ် နိုင်ခဲ့ကြသော်လည်း ဒေသလုံခြုံရေးအာဏာပိုင်များက ဗျောက်အိုး မဖောက်ရဟု တားမြစ်ထားသဖြင့် ဒေသခံပြည်သူများအနေဖြင့် ဆင်အန္တရာယ်ကို ယခင်ကထက် ရင်ဆိုင်နေကြရသည်ဟု သိရသည်။

တောဆင်များ ယင်းသို့ဝင်ရောက်ဖျက်ဆီးမှုများ ရှိနေသော်လည်း ဒေသလုံခြုံရေးအတွက် တာဝန်ယူထားသူများက ကျေးရွာသားများအတွက် တောဆင်များကို လာရောက်ခြောက်လှန့် မောင်းထုတ်ပေးမှု ယနေ့အချိန်အထိ တစ်စုံတစ်ရာ ပြုလုပ်ပေးမှု မရှိသေးကြောင်း သိရသည်။

“ဒီလိုမျိုးဖြစ်နေတာကို ဒေသလုံခြုံရေး တာဝန်ယူထားသူတွေ အနေနဲ့ ခြောက်လှန့်မောင်းနှင်ပေးဖို့ လိုအပ်ပါတယ်။ ဒေသခံတွေက စပါးနည်းနည်းလေးစိုက်ထားတာတွေကို ဆင်ဝင်ပြီး ဖျက်ဆီးလိုက်ပြီဆိုရင် အခက်အခဲ တော်တော်ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ အခုအနေအထားက ဆင်နဲ့ လူနဲ့ ၀မ်းစာ လုနေရတဲ့ အနေအထားပါ”ဟု ဦးမောင်စောဝင်းကပြောသည်။

ဒေသအာဏာပိုင်များ အနေဖြင့် တောဆင်များ ၀င်ရောက်ဖျက်ဆီးမှုကို ရွာသားများအတွက် ခြောက်လှန့် မောင်းနှင်မှု ပြုလုပ်ပေးမှသာ စိုက်ပျိုးရေးများ အဆင်ပြေလာမည်ဟု ဆိုသည်။

ဆင်းနင်း၍ သေဆုံးသူ ဦးအောင်ထွန်းသိန်းတွင် ဇနီးနှင့် သားသမီး ၅ ဦးကျန်ရစ်ခဲ့ပြီး၊ ကျန်ရစ်သူမိသားစုကို မယူကမ်းဒေသ ဖွံ့ဖြိုးရေးအသင်းမှ ယနေ့နံနက်က ငွေ ၁ သိန်းကျပ် ထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရသည်။

မောင်တောမြို့နယ်တွင်လည်း စပါးခင်းများကို တောဆင်များ ၀င်ရောက်ဖျက်ဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်ဟု သိရှိရသည်။