English News

ရသေ့တောင် မုစဲကျွန်းခြေတော်ရာပွဲသို့ နိုင်ငံကျော် အဆိုတော်များ လာရောက်ဖြေဖျော်မည်

စံမောင်သန်း(စစ်တွေ)
နိရဉ္စရာ၊ ဒီဇင်ဘာ ၂၂

25591954_1771151379563598_2894816210745455009_n

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မုစဲကျွန်းရှိ ခြေတော်ရာပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံကျော် အဆိုတော်များဖြစ်သည့် နေထက်လင်း၊ သူထူးစံ၊ ခွန်းဆင့်နေခြည်၊ ချစ်စနိုးဦးနှင့် ရခိုင်အဆိုတော်များ လာရောက် သီဆိုဖြေဖျော်မည်ဟု သိရသည်။

“နှစ်စဉ်နှစ်တိုင်း ကျင်းပနေတဲ့အတိုင်း ဆီမီးပူဇော်ပွဲ၊ သစ်သီး၊ ရေချမ်းနဲ့ ပန်းတွေကို ခြေတော်ရာ ဘုရားမှာ ပူဇော်မယ်။ ရဟန္တာဓါတ်တော်၊ ဘုရားဓါတ်တော်တွေကို ပူဇော်မယ်ပေါ့။ လာလာသမျှ ရခိုင်ပြည်သူတွေ ဖူးမျှော်ကြည်ညို သဒ္ဒါတရားပွားများနိုင်ဖို့အတွက် အလိုတော်ပြည့် ဆရာတော်ဘုရားကြီးက ဦးစီးဦးဆောင်ပြုလုပ်ပြီး ကျင်းပတာဖြစ်ပါတယ်”ဟု ဆရာတော်ဦးကုမာရက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ခြေတော်ရာဘုရားပွဲသည် ရခိုင်ပြည်နယ်တွင် အလွန်စည်ကားသည့် ဘုရားပွဲတော် တစ်ခုဖြစ်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့ညတွင် နိုင်ငံကျော်အဆိုတော်များက အခမဲ့ဖြေဖျော်မည်ဖြစ်ကာ ဇာတ်ပွဲကိုလည်း ၃ ညတိုင်တိုင် ကပြဖျော်ဖြေသွားမည်ဟု သိရသည်။

“ခြေတော်ရာနဲ့ ပတ်သက်ပြီး သမိုင်းအရ ပြောရမယ်ဆိုရင် ရခိုင်ဘုရင် စန္ဒသူရိယမင်း ကနေပြီးတော့ အနောက်မဇ္ဈိမဒေသက မြတ်စွာဘုရားကို ပင့်လျှောက်ပြီးတော့မှ မဟာမြတ် မုနိဘုရားကို သွန်းလုပ်တယ်။ မြတ်စွာဘုရား အပြန်မှာ နမ္မဒါမြစ်က နမ္မဒါနဂါးမင်းကတောင်းဆိုလို့ လက်ဝဲခြေဖ၀ါးတော်ကို ချပေးခဲ့တဲ့အတွက် ခြေတော်ရာ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်”ဟု ဆရာတော် ဦးကုမာရက ပြောသည်။

မုစဲကျွန်းရှိခြေတော်ရာနှင့် သီရိလင်္ကာ နိုင်ငံတွင် တည်ရှိသည့် အခြေတော်ရာတို့သည် အလျား ၃၂ လက်မ၊ အနံ ၁၆ လက်မရှိကာ တစ်ထပ်တည်းဖြစ်နေသည်ဟု ဆိုသည်။

ခြေတော်ရာဘုရားပွဲကို ၂၀၀၁ ခုနှစ်မှ စတင်ကျင်းပလာခဲ့ရာ ယခုနှစ်တွင် ၁၇ ကြိမ်ပြည့်မြောက်ပြီဖြစ်သည်။