Advertising
English News

လူမှုရေးသမား ကိုအမ်းသားကြီး ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆု ချီးမြှင့်ခံရ

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ မတ် ၁၃

29103353_1857661614245907_4350965092490149888_n

၎ လကြာ စစ်တွေထောင်ထဲတွင် ထိန်းသိမ်းခံခဲ့ရပြီး များမကြာမီက လွတ်မြောက်လာသူ လူမှုရေး သမား သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီကို အမေရိကန်နိုင်ငံ ရခိုင် လူမှုအဖွဲ့အစည်းမှ ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆု ချီးမြှင့်လိုက်သည်။

၎င်းဆုချီးမြှင့်ပွဲ အခမ်းအနားကို စစ်တွေမြို့ ရွှေကရုဏာ ခန်းမတွင် ယနေ့ နေ့လယ်ပိုင်တွင် ကျင်း ပြုလုပ်ခဲ့ပြီး ဆရာတော်နှစ်ပါး၊ ရခိုင်သမိုင်းသုတေသီ ဆရာကြီးမောင်ဗသိန်း ၊ ရခိုင်လူမှု အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ အပါအ၀င် လူ ၁၀၀ ခန့် တက်ရောက်ခဲ့သည်။

“ဒီလိုဆု ရရှိလိမ့်မယ်လို့ ဘ၀မှာ တစ်ခါမှ မမျှော်လင့်မိခဲ့ပါဘူး။ ဒီလိုဆုရရှိတဲ့အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်။ ကျနော့်အနေနဲ့ ရခိုင်အမျိုးသားတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်း နိုင်ဖို့အတွက် မိမိတတ်နိုင်သလောက် လုပ်ပေးခဲ့တာပါ။ ဒီဆုရရှိတာကို မိမိရရှိတယ်ဆိုတာထက် သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့က ရရှိတယ်လို့ပဲ ခံစားမိပါတယ်”ဟု ကိုအမ်းသားကြီးက ပြောကြားသည်။

အမေရိကန်နိုင်ငံ ရခိုင်လူမှုအဖွဲ့အစည်းမှ ကိုအမ်းသားကြီးကို ဆုအဖြစ် ရွှေစင်တစ်ကျပ်သားနှင့် ငွေကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့သည်။

“ ရွှေတစ်ကျပ်သားကိုတော့ မိဘတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။ ကျန်တဲ့ ငွေကျပ်သိန်း ၃၀ ကို အခက်အခဲဖြစ်နေသူတွေနဲ့ အဖွဲ့အစည်းတွေကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်” ဟု ကိုအမ်းသားကြီးက ပြောဆိုသည်။

ကိုအမ်းသားကြီးသည် ရခိုင်အမျိုးသားများ ဘေးဒုက္ခနှင့် ကြုံတွေ့သည့်အခါတိုင်း ကယ်ဆယ်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သော မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်းတွင်လည်း မိုင်းထောင်ထားသည့် ကားလမ်း များကို ဖြတ်ကျော်၍ ဒုက္ခရောက်နေသူများကို အကူအညီပေးခဲ့သူ တစ်ဦးဖြစ်သည့် အတွက် ရခိုင် အမျိုးသား စွမ်းဆောင်ရည်ဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ရခိုင်လူမှုအဖွဲ့အစည်းမှ ရခိုင်အမျိုးသား စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်း အစီအစဉ်ကို ပြည်ထဲမှ ပညာရှင်များနှင့် လက်တွဲလုပ်ဆောင်နေခြင်းဖြစ်ပြီး၊ နိုင်ငံရေး၊ အမျိုးသားရေးနှင့် မီဒီယာနယ်ပယ် အပါအ၀င် လူမှု နယ်ပယ်အသီးသီးမှ ကိုယ့်အမျိုးသားအတွက် စွမ်းစွမ်း တမံဆောင်ရွက်နေသူများကို ချီးမြှင့်နေသော ဆုဖြစ်ပြီး ၄င်းတို့လုပ်ငန်းတွင် စိတ်ဓာတ် ခွန်အားဖြစ်စေရန် ရည်ရွယ်၍ ဆုချီးမြှင့်ပေးနေခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံ ရခိုင် လူမှု အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုစိုးထွန်းက ဗီဒီယိုဖိုင်မှတစ်ဆင့် ပြောကြားခဲ့သည်။

အဆိုပါ ရခိုင်အမျိုးသားစွမ်းဆောင်ရည်ဆုများကို ၂၀၁၅ နှစ်မှ စတင်ကာ ချီးမြှင့်လာခဲ့ပြီး ၂၀၁၅ ခုနှစ်အတွက် ရခိုင်အမျိုးသားစွမ်းဆောင်ရည်(အမှန်တရားဘက်တော်သား)ဆုကို ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာနဒုတာဝန်ခံ ခိုင်မျိုးထွန်းအားလည်းကောင်း၊ ၂၀၁၆ ခုနှစ် အတွက် ရခိုင်အမျိုးသား စွမ်းဆောင်ရည် (နိုင်ငံရေး) ဆုကို ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်အားလည်းကောင်း၊ ရခိုင်အမျိုးသားစွမ်းဆောင်ရည် (စာပေ/ပရဟိတ) ဆုကို ရခိုင် လူငယ် စာရေးဆရာ ကိုဝေဟင်အောင်အားလည်းကောင်း၊ ရခိုင်အမျိုးသား စွမ်းဆောင်ရည် (ရခိုင်သားကောင်း)ဆုကို ကိုမောင်အေးအားလည်းကောင်းချီးမြှင့်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွက် ရခိုင် အမျိုးသားစွမ်းဆောင်ရည် (ပရဟိတ) ဆုကို သင်္ဂဟကမ်းလမ်း လက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ကိုအမ်းသားကြီးသည် ရခိုင်ပြည်နယ် တွင် လူမှုရေး လုပ်ငန်းများကို ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက် နေသူ တစ်ဦးဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက်နေ့က ရက္ခိုင့်တပ်မတော် ၈ နှစ် မြောက်နေ့ အေအေဖလား လူငယ် ဘော်လုံးပြိုင်ပွဲ ကျင်းမှုကြောင့် မြတန်ဆောင်း ဆရာတော် ဖမ်းဆီးခံရပြီးနောက် စာပေဟောပြောပွဲ ဆက်လက်ကျင်းပမှုကြောင့် ၂၀၁၇ အောက်တိုဘာ ၁၆ ရက်နေ့တွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် စွပ်စွဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

စစ်တွေထောင်တွင် ၄ လကြာ ထိန်းသိမ်းခံရပြီးနောက် ပြစ်မှု တစ်စုံတစ်ရာ မရှိသဖြင့် တရားစွဲတင်ခြင်း မခံရဘဲ ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က စစ်တွေထောင်ထဲမှ လွတ်မြောက်လာခဲ့သည်။