Advertising
English News

သက်လူမျိုးများ နေရပ် စွန့်ခွာပြီး ပြောင်းရွှေ့နေကြသဖြင့် သက်လူမျိုး ပျောက်ကွယ်သွားနိုင်ဟုဆို

နိရဉ္စရာ၊ မတ် ၁၂

29062642_1856184287726973_8075059590502285312_n

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အများဆုံးနေထိုင်နေကြသည့် သက်တိုင်းရင်းသား များသည် နေရပ်စွန့်ခွာပြီး အနယ်နယ် အရပ်ရပ်သို့ ပျံ့နှံ့ ပြောင်းရွှေ့မှုများ ရှိနေသဖြင့် သက်လူမျိုးများ မကြာမီ ပျောက်ကွယ်သွားနိုင်ကြောင်း သက်လူမျိုးခေါင်းဆောင် မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းကျော်က ပြောကြားသည်။

“ ကျွန်တော်တို့ သက်လူမျိုးက မောင်တောမြို့နယ် မှာ အများဆုံးနေထိုင်နေကြတာပါ။ မောင်တောမြို့နယ်မှာ လူဦးရေ အားဖြင့် ဆိုရင် ၂၇၀၀ ကျော်ရှိပါတယ်။ အခုအခါ သူတို့ဟာ နေရပ်တွေကို စွန့်ခွာပြီး အနယ်အနယ် အရပ်ရပ်ကို တကွဲတပြားစီ ပျံ့နှံ့ ပြောင်းရွှေ့နေကြတဲ့ အတွက် ကျွန်တော်တို့ သက်လူမျိုးဆိုတာ အနာဂတ်မှာ ပျောက်ကွယ် သွားနိုင်တဲ့ အနေအထားမှာ ရောက်ရှိနေပါတယ်”ဟု ဦးလှထွန်းကျော်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ဗုဒ္ဓဘာာဝင် သက်လူမျိုး ဦးရေမှာ ၅၀၀၀ ခန့်သာရှိနေပြီး ယခုလို နေရပ် စွန့်ခွာနေကြမည်ဆိုလျှင် လူမျိုးပျောက်ကွယ်သွားနိုင်ကြောင်း၊ ယခုအခါ သက်လူမျိုးများသည် မောင်တောမြို့နယ်ရှိ သူတို့ နေထိုင်ရာ ကျေးရွာများကို စွန့်ခွာပြီး မောင်တော လေးမိုင်၊ စစ်တွေ၊ ပုဏ္ဍားကျွန်း၊ မြောက်ဦး၊ အမ်း၊ ရန်ကုန်နှင့် နေပြည်တော်ထိ တကွဲတပြားစီ ပျံ့နှံ့ ပြောင်းရွှေ့နေကြကြောင်း သူက ပြောဆိုသည်။

“ အရင်က ဝေလာတောင်မှာ ယခင်က သက်လူမျိုး အိမ်ခြေ ၅၀ ရှိရာမှာ အခုအခါ အိမ် ၁၀ ဆောင်လောက်ဘဲ ကျန်ပါတယ်။ အဲဒါကလည်း ကလေးသူငယ်တွေ၊ မိသားစုတွေနဲ့ နေထိုင်ကြတာ မဟုတ်ပါ။ ဌာနေ ပြည်သူ့စစ်လုပ်တဲ့ ယောင်္ကျားလောက်သာ ကျန်ခဲ့တာပါ။ အလားတူ ဗန္ဓုလ အောင်ချမ်းသာမှာဆိုရင်လည်း ယခင်က အိမ်ခြေ ၄၀ မှာ ၁၅ ဆောင်လောက်ဘဲ ကျန်ပါတော့တယ်” ဟု ဦးလှထွန်းကျော်က ပြောသည်။

မောင်တောမြို့နယ် မြောက်ပိုင်း သက်ချောင်းကျေးရွာတွင်လည်း ယခင်က အိမ်ခြေ ၁၀၀ နီးပါးရှိရာမှ ယခုအခါ ၄၀ ခန့်သာ ကျန်ကြောင်း၊ ထိုသို့ ကျန်ရာတွင်လည်း နယ်ခြားစောင့်တပ်နှင့် ပူးတွဲ အလုပ် လုပ်ကိုင်နေသည့် ပြည်သူ့စစ်လုပ်သူ မိသားစုများသာ ကျန်ကြောင်း၊ တမန်းသား ကျေးရွာတွင် သက်တိုင်းရင်းသား အိမ်ခြေ ၄၀ တွင် လက်ရှိ ၁၀ အိမ်ပင် မပြည့်တော့ကြောင်း၊ သက်ကိုင်းညှာကျေးရွာတွင် ယခင်က အိမ်ခြေ ၃၀ တွင် ၁၀ အိမ်သာ ကျန်ရှိတော့ကြောင်း သူက ပြောဆိုသည်။

“ အခုလို ထွက်ခွာသွားကြတာက တစ်ဘက်နိုင်ငံကို ဘင်္ဂလီတွေက ကိုယ့်နည်းကိုယ်နည်းဟန်နဲ့ ထွက်ပြေးသွားကြတယ်။ ထွက်သွားကြတာလည်း အကုန်ထွက်ပြေးသွားကြတာ မဟုတ်ပါဘူး။ တစ်ချို့တစ်ဝက် ကျန်ခဲ့တယ်။ ကျန်တဲ့ မသာမာသူတွေက ပုန်းလျိုးကွယ်လျိုးလုပ်ပြီးတော့ တိုင်းရင်းသားတွေကို ခြိမ်းခြောက်တာအမျိုးမျိုး။ လုပ်ကိုင်မစားသောက်နိုင်အောင်၊ အပြင်တွေကို ထွက်ပြီး တောတောင်တွေကို သွားပြီး မလုပ်စားနိုင်အောင် အဲလို အနှောင့်အယှက်မျိုးစုံ ဖြစ်လာတယ်။ အဲဒါတစ်ပိုင်း။ နောက်တစ်ပိုင်းက အဓိက အခြေခံ စားသောက်ကုန်တွေ ဖြစ်တဲ့ ဆန်၊ဆီ၊ ငပိ၊ ဆားစတဲ့ ရိက္ခာတွေကို ၀ယ်ရခြမ်းရတာလည်း ဈေးတွေဘာတွေ မရှိဘူး။ သွားရေး လာရေးကလည်း အဆင်မပြေဘူး။ နောက်ပြီး အစိုးရကလည်း လာပြီး လိုအပ်တာလေးတွေကို ပံ့ပိုး ကူညီ ပေးလာမလားဆိုပြီး စောင့်ဆိုင်းနေတာလည်း အစိုးရက ဒီ ငါးပွက်ရာ အစာချသလို တစ်ခါ တစ်လေလေး သွားပေးတာနဲ့ ကို တစ်လ စာလုံလောက်သလို တစ်နှစ်စာ လုံလောက် သလို အဲသလို ယူဆပြီး ဘာမှ ဂရုမစိုက်တာ။ ကျန်းမာရေးရဲ့ ဆေးဝါးမရှိတာ၊ လုံခြုံရေးအရ သွားရေး လာရေး မလွယ်ကူတာ၊ အဲသလို အခက်အခဲပေါင်း မြောက်မြားစွာကို ကြုံနေရတဲ့ အတွက် လုံခြုံတဲ့ နေရာကို သွားနိုင်တဲ့ လမ်းပွင်လာတဲ့ အခါ သူတို့ဟာ သူတို့ရဲ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံဖို့ နေရာဒေသအသီသီးကို ပျံ့နှံ့ပြီးတော့ ထွက်ပြေးသွားကြတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မောင်တောမြို့နယ်တွင် နေထိုင်နေကြသည့် သက်လူမျိုးသည် ၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်ချိန်တွင် ရွာထဲတွင် ပိတ်မိနေခဲ့ပြီး တစ်လခန့် အကြာ သွားရေး လာရေး လွယ်ကူ လမ်းပွင့်လာသော အချိန်တွင် အနယ်နယ်အရပ်ရပ်သို့ တကွဲတပြားစီ ပျံ့နှံ့ထွက်ခွာသွားကြသည်ဟု သိရသည်။

ယခုကဲ့သို့ ထွက်ခွာနေကြသဖြင့် လူဦးရေ အနည်းငယ်သာကျန်ရှိတော့သည့် သက်တိုင်းရင်းသားများ မပျောက်ကွယ်သွားရေး အတွက် နိုင်ငံတော် အကြီးအကဲများ အနေဖြင့် အထူး အလေးပေးဆောင်ရွက်ရန် လိုအပ်နေကြောင်း မောင်တောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းကျော်က ပြောကြားသွားသည်။

(မောင်တောမြို့နယ် မြောက်ပိုင်းမှ လူနည်းစု တိုင်းရင်းသားများ)

(Photo credit to Naing Lin Kyi)