Advertising
English News

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ၂၀၁၈-၂၀၁၉ အတွက် တက္ကသိုလ်ကျောင်းသား ၂၁ ဦးကို ပညာသင်ထောက်ပံ့ကြေး ချီးမြှင့်မည်

 

သင်္ဂဟကမ်းလက်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ နိုဝင်ဘာ ၂၅

သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တက္ကသိုလ်ကျောင်းသား ၂၁ ဦးကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်သွားမည်ပြီး ထောက်ပံ့ကြေးငွေစုစုပေါင်း ကျပ်သိန်း ၁၀၀ ရှိသည်ဟု သိရသည်။

ပညာသင်ထောက်ပံ့ကြေးအတွက် သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့တွင် လျှောက်ထားသူ ၂၃ ဦးအနက် ၂၁ ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့ သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့အနေနဲ့ ရခိုင်သူ ရခိုင်သား အားလုံးသူကို ပညာတတ်စေချင်တဲ့ ဆန္ဒတွေရှိပါတယ်။ မိဘက ပညာသင်မပေးနိုင်တဲ့ ကျောင်းသားတွေကို သူတို့ရဲ့ ပညာရေး အဆင်ပြေစေဖို့ ရည်ရွယ်ချက်နဲ့ ပေးနေတာဖြစ်ပါတယ်”ဟု သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့မှ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့အနေဖြင့် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများ၏ ပညာရေး မြင့်မားလာစေရေး အတွက် တတ်နိုင်သလောက် ပံ့ပိုးကူညီပေးနေခြင်းဖြစ်ပြီး၊ရခိုင်ပြည်နယ်ရှိ ရခိုင်သူ ရခိုင်သားများအနေဖြင့် ပညာရေးအတွက် စိတ်ဒုက္ခမရောက်ရအောင် တတ်နိုင်သလောက် ၀ိုင်းဝန်းအကူအညီ ပေးနေခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ပညာသင်ထောက်ပံ့ကြေးကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် အမ်းမြို့ရှိ မြို့ဦးကျောင်း ဓမ္မာရုံ၌ အခမ်းအနား တစ်ရပ် ပြုလုပ်ကာ ပေးအပ်သွားမည်ဟုဆိုသည်။

ပညာသင်ထောက်ပံ့ကြေးပေးရာတွင် ဆေးတက္ကသိုလ်သိုလ်၊ စက်မှုတက္ကသိုလ်၊ ပညာရေးကောလိပ်၊ သမ၀ါယမတက္ကသိုလ်နှင့် အခြားတက္ကသိုလ်များတွင် ကျောင်းတက်နေသူများနှင့် အသစ်တက်ရောက်မည့် ကျောင်းသားများ ပါဝင်သည်ဟု သိရသည်။

“ဆေးတက္ကသိုလ်အတွက် ၃ နှစ်ဆက်တိုက် ထောက်ပံ့လာသူအတွက်ဆိုရင် တစ်နှစ်အတွက် ၆ သိန်းကျပ်၊ ဒုတိယနှစ် ကျောင်းသားအတွက်ဆိုရင် ၅ သိန်းကျပ်၊ ပထမနှစ်ကျောင်းသားအတွက်ဆိုရင် ၄ သိန်းကျပ်၊ စက်မှုတက္ကသိုလ်ဆိုရင် ၄ သိန်းကျပ်နဲ့ ပညာရေးကောလိပ်ဆိုရင် ၃ သိန်းကျပ် အဲ့ဒီလိုမျိုး ထောက်ပံ့ ပေးအပ်ပါတယ်”ဟု ကိုအမ်းသားကြီးက ပြောသည်။

သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့အနေဖြင့် ငွေကြေးအခက်အခဲရှိနေသည့်ကြားက ယခုနှစ်အတွက် ပညာသင်ထောက်ပံ့ပေးနိုင်အောင် ကြိုးစားလုပ်ဆောင်၍ စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယခုအကြိမ် ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းသည် ၁၃ ကြိမ်မြောက်ဖြစ်ပြီး ပညာသင်ထောက်ပံ့ကြေး ပေးထားသူ စုစုပေါင်း ၁၀၀ ကျော်ခန့်ရှိပြီဟု သိရှိရသည်။