Advertising
English News

သဇင်ပန်းခိုင်ဂျာနယ်မှ တာဝန်ရှိသူများ ရခိုင်လူထုနှင့်တွေ့ဆုံပွဲ ပြုလုပ်

 

20181020_155052

နိရဉ္စရာ၊ အောက်တိုဘာ ၂၂

ရန်ကုန်အခြေစိုက် သဇင်ပန်းခိုင် သတင်းဂျာနယ်မှ တာဝန်ရှိသူများသည် အောက်တိုဘာ ၂၀ ရက်နေ့က ရန်ကုန်ရောက် ရခိုင်လူထုနှင့်တွေ့ဆုံ၍ သဇင်ပန်းခိုင် ရေရှည်ရပ်တည်နိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သတင်းရရှိသည်။

သဇင်ပန်းခိုင် သတင်းဂျာနယ်အား ထုတ်ဝေသူ ဦးအောင်သိန်းက “ ကျွန်တော်တို့ သဇင်ပန်းခိုင် သတင်းဂျာနယ်ကို ၂၀၁၄ ခုနှစ်ကနေ ထုတ်ဝေလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အောက်တိုဘာလထိ ဂျာနယ် ၆၂ ကြိမ်ထိ ထုတ်ဝေနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အခု လက်ရှိ အခြေအနေမှာ ဆက်လက် ရပ်တည် ထုတ်ဝေနိုင်ရေးအတွက် အခက်အခဲတွေရှိလာတဲ့ အတွက် ရခိုင်လူထုနဲ့ တွေ့ဆုံပြီး အကြံအဥာဏ် တောင်းခံလိုတဲ့ အတွက် အခုလို တွေ့ဆုံပွဲ ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု တွေ့ဆုံပွဲတွင် ရှင်းလင်း ပြောကြားသည်။

တွေ့ဆုံပွဲ အခမ်းအနားအား မွန်းလွဲ ၁ နာရီကျော်တွင် ဓည၀တီ ကျောင်းတိုက်တွင် စတင်ပြုလုပ်ရာ ဓညတီသာသနာပြုကျောင်း ဆရာတော်အပါအ၀င် လူပေါင်း ၃၀ ကျော်တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံပွဲတွင် ဦးအောင်သိန်းမှ တက်ရောက်လာသူများမှ သဇင်ပန်းခိုင်သတင်းဂျာနယ် တည်တံ့ရေး အတွက် အကြံဥာဏ်များလည်း တောင်းခံခဲ့ရာ တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြပြီး သဇင်ပန်းခိုင် ဂျာနယ်ဆက်လက် ထုတ်ဝေရန် အားလုံးက အတတ်နိုင်ဆုံး ပံ့ပိုးကူညီကြရန် ပြောကြားခဲ့ကြသည်။

အခမ်းအနားတွင် စာရေးဆရာ ဒေါက်တာဝါး၊ နိရဉ္စရာသတင်းထောက်ချုပ် ဦးခိုင်မြတ်ကျော်၊ ရဲမှူးနီသောင်း (ငြိမ်း)၊ တာဝန်ခံအယ်ဒီတာ တေဇာအောင်၊ သတင်းထောက်ချုပ် ခင်မောင်လင်း (ဖိုးသား) တို့လည်း တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး ကိုသန်းကြည် (ပိုးဝါးစားသောက်ဆိုင်ပိုင်ရှင်) မှ အခမ်းအနားမှူးဖြစ်ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသူ သဗ္ဗသိဒ္ဓိ ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဦးဘသာဇံမှ ကျပ်ငွေ ၁၀ သိန်း၊ ရခိုင်အမျိုးသား မျိုးချစ်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဦးမောင်နုမှ ကျပ် ၅ သောင်းစီ အသီးသီးထည့်ဝင် ကူညီလှူဒါန်းခဲ့ကြသည်။

သဇင်ပန်းခိုင် သတင်းဂျာနယ်ကို တက်ရောက်လာသူများမှ ငွေကြေးအခက်အခဲ၊ ဆောင်းပါးကောင်းများ ရရှိရေးအတွက် (၆) လတစ်ကြိမ်၊ (၃) လတစ်ကြိမ် ထုတ်ဝေရန် အကြံပြုခဲ့ကြသော်လည်း လက်ရှိ လိုအပ်ချက်အရ တစ်လ တစ်ကြိမ် ပြန်လည် ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။