Advertising
English News

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ရခိုင်မှ ဆရာတော်ကြီး ၁၃ ပါးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ စစ်တွေတွင်ပြုလုပ်

စံမောင်သန်း၊ စစ်တွေ
နိရဉ္စရာ၊ မတ် ၁၀

28959090_1854229344589134_6370021968434954240_n

(၇၀) ပြည့် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်သမ္မတမှ ချီးမြှင့်သည့် သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းခံရသော ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး ၁၃ ပါးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏ၀ိသိဋ္ဌပူဇာ မဟာမင်္ဂလာအခမ်းအနားကို မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့တွင် ပြုလုပ်ခဲ့သည်။

ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ရခိုင်ပြည်နယ်အစိုးရက ကြီးမှူး၍ ရခိုင်ပြည်နယ် စစ်တွေမြို့ သာသနာ့ဗိမာန်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများ၊ စစ်တွေမြို့ပေါ်မှ ကျောင်းထိုင် ဆရာတော်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးချုပ်နှင့် ၀န်ကြီးများနှင့် ဌာနဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးညီပုက သာသနာရေးဆိုင်ရာများကို ဆရာတော်ကြီးများအား လျှောက်ထားခဲ့သည်။

29067237_1854229467922455_4456881481385508864_n

နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း ခံရသော ရခိုင်ပြည်နယ်မှ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြုပွဲများကို ရန်ကုန်မြို့ရှိ ရခိုင်ဓမ္မာရုံတွင် (၃၁) ကြိမ်မြောက် ပြုလုပ်ခဲ့ပြီးဖြစ်ပြီး၊ ရခိုင်ပြည်နယ်တွင် ပြည်နယ်အစိုးရက တာဝန်ယူ၍ ထပ်ဆင့်ဂုဏ်ပြုပွဲပြုလုပ်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံခဲ့ရသော ရခိုင်ပြည်နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တသောမက မိန့်ကြားခဲ့သည်။

28951429_1854229564589112_1911828284346204160_n

ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်း ခံရသော ဆရာတော်များမှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်၊ ပုသိမ်ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တပဏ္ဍိတအား အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ဓမ္မသုခ ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တသောမအား အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော် အားလည်းကောင်း၊ မြေပုံမြို့ ရွာသစ်ကေရပ်ကွက် ပညာဗိမာန်စာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တ ပညာဘောဂအား မဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ စစ်တွေမြို့ ကုန်တန်းရပ်ကွက် တောင်ရွှေရွာကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဓမ္မိကအား ဂန္ထ၀ါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ မင်းပြားမြို့ ဂါတ္တန်းလမ်း တက္ကသီလ သာသနာ့အလင်းရောင်ကျောင်းတိုက် မြို့မမြောက်ကျောင်းဆရာတော် ဘဒ္ဒန္တဃောသိတာရမ္ဘအား အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ မြောက်ဦးမြို့နယ် မောင်နှမကျေးရွာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္ဆ၀ဏ္ဏသာမိအား အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ကျောက်ဖြူမြို့ အနောက်ပိုင်းရပ်ကွက် ဘုန်းကြီးကျောင်းလမ်း ယပ်လှဲကျောင်း ပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တစက္ကိန္ဒအား အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ကျောက်တော်မြို့နယ် ကသစ်တောကျေးရွာ ကသစ်တောကျောင်းတိုက်မှ ဘဒ္ဒန္တသောဘနအား မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ် ခထီးလှကျေးရွာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်မှ ဘဒ္ဒန္တ၀ိဇ္ဇောဘာသအား မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ကျောက်တော်မြို့နယ် စံပါယ်လှကျေးရွာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်မှ ဘဒ္ဒန္တပဏ္ဍိတအား မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ် စည်ပင်သာယာကျေးရွာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်မှ ဘဒ္ဒန္တစန္ဒအား မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ ဘူးသီးတောင်မြို့နယ် ၀ါးနက်ရုံကျေးရွာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တစာရိန္ဒအား သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း၊ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့ နံသာတောင် ဘုန်းတော်ကြီးကျောင်းတိုက်မှ ဘဒ္ဒန္တစာရဏအား သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်အားလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့သည်ဟု သိရသည်။