Advertising
English News

အင်းဒင် အမှတ်(၆) ရဲတပ်ရင်းတည်ဆောက်ရာတွင် ပါဝင်သွားသည့် ရခိုင်ဒေသခံများ၏ လယ်မြေများ အစားထိုးပေးရန် တောင်းဆို

နိရဉ္စရာ၊ ဇူလှိုင် ၇

36800544_1989171731094894_3146233848363220992_n 36815008_1989173267761407_7817443625272344576_n

အမှတ် (၆) ရဲတပ်ရင်း တည်ဆောက်ရာတွင် ပါဝင်သွားသည့် လယ်မြေများကို သက်ဆိုင်ရာမှ ပြန်လည် အစားထိုးပေးရန် မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင်- ပဲရုံ နတလ ကျေးရွာသား များမှ တောင်းဆိုလိုက်သည်။

“ ပါသွားတဲ့ လယ်ဧက အများကြီးဘဲ။ အခု ရဲတပ်ရင်းအတွက် ခြံစည်းရိုး ထိုးနေပါတယ်။ အဲဒီ အထဲမှာ ဦးတို့လယ်တွေက ပါသွားတာပါ။ ဦးလေးတို့က ဒီလယ်မြေတွေပေါ်မှာ မှီခို စားသောက် နေကြရတဲ့သူတွေ ဖြစ်တဲ့ အတွက် ဒီလယ်မြေမရှိတော့ဘူးဆိုရင် ဒီမှာ ရပ်တည်နေထိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒီအတွက် ရဲတပ်ရင်းတည်ဆောက်ရာမှာ ပါသွားတဲ့ ဦးတို့ရဲ့ လယ်မြေတွေ အစား တစ်ခြားနေရာက မြေတွေကို အစားထိုး ပြန်လည် ပေးအပ်ဖို့ တောင်းဆိုရတာပါ” ဟု မြန်မာ့တပ်မတော်တွင် တပ်ကြပ်အဆင့်ထိ ၁၆ နှစ်တိတိ တာဝန် ထမ်းဆောင်ခဲ့သူ ဦးအောင်ကြာသိန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ယခုကဲ့သို့ ပဲရုံကျေးရွာသားများ လုပ်ကိုင်စားသောက်နေသည့် လယ်မြေအများအပြား အမှတ်(၆) ရဲတပ်ရင်းတည်ဆောက်ရာတွင် ပါဝင်သွားသဖြင့် မြေယာအစားထိုးပေးရန် ကိစ္စကို ပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း တင်ပြထားသည်ဟု သူက ပြောဆိုသည်။

“ ဦးတို့က ဒီလယ်မြေတွေကို လုပ်ကိုင်စားသောက်နေတာ ၂၇ နှစ်ရှိပါပြီ။ ဒီနှစ်မှာမှ လယ်မရှိတော့ လယ်မလုပ်ရဘဲဖြစ်နေတယ်။ လယ်မလုပ်ရတော့ လယ်သမားတွေ အတွက် ဒုက္ခပေါ့။ ဒါကြောင့် လယ်မြေတွေ အစားထိုးပေးဖို့ အထက်လူကြီးတွေကို တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ဦးအောင်ကြာသိန်းက ဆက်လက် ပြောကြားသည်။

အမှတ်(၆) ရဲတပ်ရင်း တည်ဆောက်ရာတွင် ပါဝင်သွားသည့် လယ်မြေဧကမှာ ပဲရုံကျေးရွာမှ ဦးအောင်ကြီးတွင် (၃ဒသမ၃၂ ဧက)၊ ဦးစိန်သာထွန်းတွင် (၁ ဒသမ ၇၈ ဧက) မြေတစ်ကွက်နှင့် (၁ ဒသမ ၆၅) မြေကွက်တစ်ခု၊ ဦးရွှေလိုင်မောင် ( ၁ ဒသမ ၄၂ ဧက)၊ ဦးစံထွန်းအေး (၃ ဒသမ ၁ ဧက)၊ ဒေါ်ဦးမြခင်( ၀ ဒသမ ၉၁ ဧက)၊ ဒေါ်ဥမ္မာချို (၃ ဒသမ ၀၁ဧက)၊ ဒေါ်မသိန်းချေ (၁ ဒသမ ၅၂ ဧက)၊ ဦးအောင်စံသိန်း (၃ ဒသမ ၄၀ ဧက)၊ ဦးနီသာဦး (၁ ဒသမ ၅၂ ဧက)၊ ဦးမောင်အေးထွန်း (၃ ဒသမ ၃၂ ဧက)၊ ဦးကျော်သိန်းမောင် (၁ ဒသမ ၃၀ ဧက)၊ ဒေါ်ခင်သန်းနု(၃ ဒသမ ၀၀ ဧက) နှင့် ဦးဘရွှေလိုင် (၁ ဒသမ ၀၀ ဧက) တို့ဖြစ်ကြသည်။

မောင်တောမြို့နယ် အင်းဒင်ပဲရုံ နတလ ကျေးရွာကို ၁၉၉၁ ခုနှစ်တွင် အစိုးရမှ တည်ထောင်ပေးခံပြီး လက်ရှိတွင် အိမ်ခြေ ၁၂၅ ဆောင် ရှိကြောင်း သိရှိရသည်။

(ဓာတ်ပုံ- လယ်မြေဆုံးရှုံးလိုက်ရသည့် လယ်သမားတစ်ချို့)