Advertising
English News

အစိုးရက တာဝန်ယူ အိမ်ဆောက်လုပ်မပေးပါက မီးရှို့ခံခဲ့ရသည့် နံသာတောင်ကျေးရွာပြိုပျက်နိုင်ဟုဆို

စံမောင်သန်း၊ ရန်ကုန်
နိရဉ္စရာ၊ မေ ၁၂

32240347_1920599367952131_5579930204253454336_n

၂၀၁၇ ခုနှစ် သြဂုတ်လ မောင်တော အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ရွာလုံးကျွတ်မီးရှို့ ခံခဲ့ရသည့် ရခိုင်လူမျိုးများ နေထိုင်သည့် နံသာတောင်ကျေးရွာကို ပြည်နယ်အစိုးရက မိုးမကျမီ တာဝန်ယူ အိမ်ဆောက်လုပ် မပေးပါက ၎င်းရွာမှာ ပြိုပျက်သွားနိုင်သည်ဟု ကျေးရွာ တာဝန်ရှိသူများမှ ပြောကြားသည်။

“နံသာတောင်ကျေးရွာမှာ အခုထက်ထိ ပြည်နယ်အစိုးရက အိမ်ဆောက်လုပ်ပေးမှု မရှိသေးပါဘူး။ နက်ဖန် သန်ဖက် ဆိုရင် မိုးကျတော့မယ်။ နောက်ဆိုရင် အဲ့ဒီရွာသားတွေကို ဦးဇင်းအနေနဲ့ ပြန်ပြီးတော့ စည်းရုံးနိုင်ဖို့ အတိုင်းအတာလည်း ရှိနိုင်တော့မှာ မဟုတ်တော့ဘူး”ဟု နံသာတောင် ပရဟိတကျောင်းဆရာတော် ဦးစာရဏက နိရဉ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

ရွာမီးရှို့မခံရမီ မောင်တောမြို့နယ်မှ နံသာတောင်ကျေးရွာတွင် မိသားစု ၃၀ ကျော် ရှိခဲ့သော်လည်း ယခုအခါတွင် မိသားစု ၂၀ ကျော်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။

“နံသာတောင် ကျေးရွာမှာ အိမ်ထောင်စု ၃၇ စု ရှိခဲ့ရာကနေ အခုဆိုရင် ၂၄ စုသာ ကျန်ရှိ နေပြီဖြစ်တဲ့ အတွက် ၁၃ စုက နေရပ်ကို စွန့်ခွာသွားခဲ့ကြပါပြီ။ သူတို့အတွက် အိမ်ဆောက် ပေးမှာလား စောင့်ကြည့်ခဲ့ကြပေမယ့် ပြည်နယ်အစိုးရက အိမ်မဆောက်ပေးတဲ့အတွက် အခုလို စွန့်ခွာသွားကြတာဖြစ်ပါတယ်”ဟု ဦးစာရဏက မိန့်ကြားသည်။

ပြည်နယ်အစိုးရအနေဖြင့် နံသာတောင်ကျေးရွာကို မိုးမကျမီ ဆောက်လုပ်မပေးပါက နံသာတောင်ကျေးရွာ ပြိုပျက်သွားနိုင်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ပြောကြားသည်။

“နံသာတောင်ရွာသားတွေဟာ အိမ်မရှိတဲ့အတွက် အခြားဆွေမျိုးရှိရာ ရွာတွေဆီ ပြောင်းရွှေ့ နေထိုင် သွားကြပါတယ်။ မိုးမကျမီ အစိုးရက အိမ်ဆောက်လုပ်ပေးမှု မရှိဘူးဆိုရင် ကျေးရွာ ပြိုပျက်သွားနိုင်တဲ့ အခြေအနေရှိနေပါတယ်”ဟု နံသာတောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းချေက ပြောသည်။

လက်ရှိနံသာတောင်ကျေးရွာတွင် လက်ရှိ မိသားစု ၂၄ စုမှာ သစ်ဝါးရှားပါးမှု၊ ဆင်းရဲကြသဖြင့် အိမ်မိုးသွပ်များ ၀ယ်ယူနိုင်ခြင်း မရှိမှုတို့ကြောင့် အိမ်များ ပြန်လည် တည်ဆောက်ရန် အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

၂၀၁၇ ခု သြဂုတ်လ ဖြစ်စဉ်အတွင်း ဘင်္ဂလီ အကြမ်းဖက်သမားများ မီးရှို့ခဲ့သည့် ကျေးရွာများထဲမှ ခုံတိုင်ရွာနှင့် အထက်ပြူးမကျေးရွာများအတွက် အိမ်ဆောက်လုပ်ပေးပြီးဖြစ်သော်လည်း နံသာတောင် ကျေးရွာအတွက် အိမ်ဆောက်လုပ်မပေးသေးသည်ကို သူ့အနေဖြင့် နားမလည်နိုင်ဖြစ်နေရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။